စလင်းမြို့နယ်မှာ စစ်တပ်ကမီးရှို့သတ်ဖြတ်လို့ လူ ငါးထောင်ကျော် ထွက်ပြေးနေရ

မကွေးတိုင်းအခြေစိုက် ၁၀၁ တပ်မလက်အောက်ခံ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက ရွာ ၆ ရွာကို ထိုးစစ်ဆင် မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။

စစ်တပ်ခန့်အစိုးရက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့အခုလပိုင်းမှာ မေလ ၁ ရက်နေ့ကနေ ၄ ရက်အတွင်း မကွေးတိုင်း စလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသားတချို့ကိုသတ်သွားတဲ့အတွက် လူဦးရေ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက RFA ကိုပြောပါတယ်။

ထနောင်းကုန်းရွာမှာ ရွာသားတချို့အသတ်ခံရတယ်လို့ စလင်း ပြည်သူ့ညီနောင်အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက RFA ကိုပြောပါတယ်။

“မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမှ ထနောင်းကုန်းကျေးရွာကို အရင်ဆုံးမီးလောင်ဗုံး တွေနဲ့ ပစ်ခတ်တာဗျ၊ ပစ်ခတ်ပြီးမှ အဲဒီကျေးရွာကို ဝင်တယ်၊ဝင်ပြီး ရွာကို မီးရှို့တယ်။ မသန်မစွမ်းအသက် ၇၀ လောက်ရှိတဲ့ အဖွားအိုရယ်၊ ကိုမောင်ဦး၊ ကိုမောင်နိုင် သုံးယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တာဗျ၊ အဲဒီထဲ အဖွားအိုကိုကျတော့ နေအိမ်ထဲမှာထည့်ပြီး မီးရှို့သတ်ဖြတ်ပစ်လိုက်တာ ပေါ့နော်၊ ကိုမောင်နိုင်ကို လည်း အဲဒီကျေးရွာမှာပဲ လဲလှီးပြီးသတ်ဖြတ်ပစ်လိုက်တာဗျ”

စလင်းမြို့နယ်မှာ မကွေးတိုင်း အခြေစိုက် ၁၀၁ တပ်မလက်အောက်ခံ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေရှိပြီး အဲဒီတပ်တွေက မြင်းခေါင်းရွာ နဲ့ တောတွင်ရွာမှာ တပ်စွဲခြေကုတ်ယူပြီး အနားတဝိုက်က ရွာ ၆ ရွာကို ထိုးစစ်ဆင် မီးရှို့ဖျက်ဆီးခဲ့တာလို့ ကိုပြည်သူကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေကတော့ ထနောင်းကုန်း ၊ ကံဆွယ်လေး ၊ ကြူဝန်း ၊ သနပ်ကုန်း ၊ ပျိုးခင်းကုန်း နဲ့ စဉ့်တူကန် တို့ဖြစ်တယ်လို့ဆိုပါတယ်။ ထနောင်းကုန်းရွာဟာ ပြီးခဲ့တဲ့နှစ် မေလကလည်း စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတခုမှာရေးသားထားပါတယ်။

စစ်တပ်ဟာ ကိုရင်လေးတစ်ပါးနဲ့ အရပ်သား ၁၀ ဦးလောက်ကို ဓားစာခံအဖြစ်ခေါ်ပြီး ရွာတွေကို စစ်ကြောင်း ထိုး မီးရှို့ဖျက်ဆီးတာလို့ စလင်းဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်စစ်တပ်နဲ့တွေ့ရင် လူပါအသတ်ခံနေရတဲ့ အတွက် ရွာတွေထဲမှာမနေရဲကြဘဲ ရှောင်နေရတာ လူဦးရေ ငါးထောင်နီးပါးရှိတယ်လို့ စစ်ဘေးဒုက္ခသည်ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာပြီဆိုကတည်းက သူတို့တွေ့တဲ့ရွာသူ ရွာသားတွေကိုဖမ်းတယ်ရှင့်။ ဖမ်းပြီးတော့ သူတို့သွားမယ့်လမ်းကြောင်းမှာ အသေခံလူသားမိုင်းကိရိယာအဖြစ်လုပ်ခိုင်းတယ်ပေါ့နော်။ ပြီးတော့ သူတို့ဝင် သမျှရွာတွေကိုလည်းမီးရှို့တယ်ရှင့်၊ မီးရှို့တော့ သူတို့လာလိုက်ပြီဆိုကတည်းကကို ရွာသူရွာ သားတွေအားလုံးက ကြောက်လို့ပြေးကြရတယ်။ ၆ ရွာပေါင်းလိုက်ရင် လူဦးရေ လေးထောင်ကျော် ငါးထောင်လောက်ရှိလောက် တယ်ရှင့်၊ ဒါတောင်အနီးနားကထွက်ပြေးတဲ့ရွာတွေမပါသေးဘူးနော်”

အခုဆိုရင် ဒီရက်ပိုင်းမှာ မိုးစရွာလာပြီမို့လို့ နေစရာတဲအတွက် မိုးကာတွေအပါအဝင် မရှိမဖြစ်အိမ်သုံးပစ္စည်း တွေလိုနေတယ်လို့ သူကပြောပါတယ်။

မီးလောင်နေတဲ့အချိန်ကလည်း မီးလာညှိမ်းတဲ့ရွာသားတွေကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးပြီး ကားတွေ ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားတယ်လို့ စလင်း ပြည်သူ့ညီနောင်အဖွဲ့က ကိုပြည်သူက RFA ကိုပြောပါတယ်။

စစ်တပ်လိုလားတဲ့သူတယောက်အဖြစ်ယူဆလို့ရတဲ့ စစ်ဧကရီ (Sitt Akari) နာမည်နဲ့ ဖေ့ဆ်ဘွတ်အကောင့် မှာလည်း ကြူဝန်းရွာကို ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ ကမီးရှို့လိုက်တဲ့အကြောင်း ဓာတ်ပုံတွေနဲ့တင်ထားတာကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရလက်အောက်ခံ ပြောရေးဆိုခွင့်ရှိသူတွေကို RFA ကဆက်သွယ်ဖို့ ကြိုးစားပေမယ့်မရသေးပါဘူး။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ အခုအထိ အရပ်သားနေအိမ် တစ်သိန်းနှစ်သောင်းခွဲကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံ ခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားသလို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လအထိ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။