ဧပြီလအတွင်း စစ်တပ်တိုက်ခိုက်မှုတွေကြောင့် လူ ၁၄၄ ဦး သေဆုံး၊ ၂၀၅ ဦး ဒဏ်ရာရ

နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ကြောင့် အရပ်သားပြည်သူများသေဆုံးရဟုဆို။

ဧပြီလ တစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၄၄ ဦး သေဆုံးခဲ့ပြီး ၂၀၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မေလ ၁၂ နေ့က မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ကြောင့် အရပ်သားပြည်သူတွေ အခုလို ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မကွေး၊ မွန်နဲ့ စစ်ကိုင်တိုင်းတို့မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လနဲ့ ဧပြီလအတွင်း လအလိုက် လေကြောင်းတိုက်ခိုက်မှုတွေက ၇၂ ကြိမ်ကနေ ၇၄ ကြိမ်အထိ လေးလဆက်တိုက် တိုးလာခဲ့တာပါ။

လအလိုက်သေဆုံးမှုတွေကတော့ ဇန်နဝါရီလမှာ သေဆုံးမှု ၁၆၈ ဦးနဲ့ ဖေဖော်ဝါရီလမှာ ၁၆၀ ဦးသာ ရှိခဲ့ပေမယ့် မတ်လမှာ သေဆုံးမှုက ၅၁၆ ဦးအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ဧပြီလမှာ သေဆုံးမှုက ၁၄၄ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း တိုက်ပွဲမရှိပေမယ့်လည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဝင်ထွက်သွားလာတဲ့ နေရာတွေ မှန်သမျှကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက RFA ကိုပြောပါတယ်။

“စစ်တပ်က ၂၀၂၁ နှစ်လယ်လောက်ကနေစပြီးတော့ ထောက်လျှောက် ဒီကနေ့အထိ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာတွေ့ရတယ်၊ စစ်တပ်က တိုက်ပွဲရှိတဲ့နေရာမှာတင် လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုခဲ့တာမျိုးမဟုတ်ဘဲ တိုက်ပွဲမဖြစ်တဲ့ အခြေအနေတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့နေရာတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့နေရာတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ထွက်သွားလာနေနတဲ့နေရာတွေ၊လှုပ်ရှားနယ်မြေတွေပေါ့ဗျာ၊ ဒီလိုနေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာကိုတွေ့ရပါတယ်။နေ့မှာတင်တိုက်ခိုက်တာမဟုတ်ဘဲ မနက်စောစောနဲ့ ညနက်တွေအချိန် တွေမှာပါ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်နေတာ စစ်တပ် အာဏာသိမ်းကတည်းက အခုအချိန်အထိ တစ်လျှောက်လုံးတိုက်ခိုက်လာခဲ့တာလို့ ပြောချင်ပါတယ်။”

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အိုးအိမ်နေရပ်စွန့်ခွါသူ ၅၁,၄၂၆ ဦး ရှိခဲ့ပြီး လေးလအတွင်း နေရပ်စွန့်ခွါသူအားလုံးပေါင်း နှစ်သိန်းနီးပါးရှိပါတယ်။

ဒီသေဆုံးမှုစာရင်းတွေနဲ့ နေရပ်စွန်ခွါမှုစာရင်းတွေဟာ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်စာရင်းတွေသာဖြစ်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဧပြီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း အကြိမ် ၁၀၀ မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့က ၃၄ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့က ၃၅ ကြိမ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။