မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်နေတာကြောင့် ကလေးတစ်ဦး သေဆုံးပြီး မြစ်ခြေမြို့ အပါအဝင် ရွာပေါင်း သုံးဆယ်ဝန်းကျင်က ဒေသခံ နှစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မေလ ၈ ရက်နေ့ကစပြီး အင်အား နှစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပခုက္ကူမြို့နယ်ထဲ ဝင်ရောက်လာပြီး မြစ်ခြေမြို့အရှေ့ခြမ်းမှာရှိတဲ့ ရွာတွေကို တိုက်ခိုက်နေတာလို့ NUG ရဲ့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန မြို့နယ်တာဝန်ခံ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။
“မြို့အပါအဝင် ရွာပေါင်း သုံးဆယ်ဝန်းကျင်နဲ့ လူဦးရေ တစ်သောင်းရှစ်ထောင်၊ တစ်သောင်းကိုးထောင် ဝန်းကျင် ရှောင်နေရတယ်။ တစ်နေ့ကို အဓိက ဆန်အိတ် ၃ဝ၊ ၄ဝ လောက် လိုတယ်။ မေလ ၉၊ ၁ဝ ရက် လောက်ကတည်းက ပခုက္ကူအနောက်ခြမ်းကို (စစ်ကောင်စီ) စားနပ်ရိက္ခာဖြတ်တောက်ဖို့ ကုန်ပစ္စည်းမှန်သမျှ အသယ်မခံတော့ဘူး”
စစ်ကောင်စီတပ်တွေက ပခုက္ကူအနောက်ခြမ်းကို ကုန်စည်သယ်ဆောင်ခွင့်တွေ တားမြစ် ပိတ်ပင်နေတဲ့အတွက် စစ်ဘေးရှောင်နေရသူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
စစ်ကြောင်းဝင်ရောက်လာပြီးနောက်ပိုင်း ကူကျွန်း၊ ထန်းတောချောက်နဲ့ မိုးနတ်ကုန်း ရွာတွေ လေးကြိမ်ထက်မနည်း မီးရှို့ခံနေရပြီး ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
မေလ ၁၆ ရက်နေ့အထိ မြစ်ခြေမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။ မေလ ၈ရက်နေ့စပြီး ဝင်ရောက်လာတဲ့ ဒီစစ်ကြောင်း တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိသလို၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ဦးရှိတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေရပေမယ့်လည်း အတိအကျကိုတော့ မသိရသေးပါဘူး။ Red Peacock သတင်းဌာနကတော့ မေလ ၁၇ ရက်နေ့မှာ ပခုက္ကူမြို့နယ် အောင်သာကျေးရွာကို စစ်တပ်ဒရုန်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်တပ်ခန့် မကွေးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူကိုလည်း ဆက်သွယ်လို့မရပါဘူး။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ ဧပြီလထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၅,၃၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
