အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ ၄ လအတွင်း အရပ်သား ၁၀ ဦး သေဆုံး

အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနဲ့ အမည်မဖော်ပြနိုင်သူ တစ်ဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့။

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း စစ်တပ်ကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၁၈ ဦးရှိတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး(Kuki Women Human Right Organization - KWHRO ) က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဘွယ်နူးက RFA ကို မေလ ၁၉ နေ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်တပ်လက်အောက်ခံ နယ်ခံပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၈ ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ပထမလေးလအတွင်း အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနဲ့ အမည်မဖော်ပြနိုင်သူ တစ်ဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးထိခိုက်မှုကြောင့် ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့တယ်လို့ KWHRO က ပြောပါတယ်။

KWHRO ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဘွယ်နူးက ပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့ စစ်အာဏာသိမ်း ခေါင်းဆောင်သမ္မတ ဦးမင်းအောင်လှိုင်စတဲ့ ဦးဆောင်သူအားလုံးကို ပြစ်ဒဏ်ခံရဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကိုလည်း မေလ ၁၉ နေ့က ထုတ်ပြန်ထားတယ်လို့ RFA ကို ပြောပါတယ်။

“လူ့အခွင့်ရေးတွေချိုးဖောက်ခံနေရတဲ့ပြည်သူတွေထဲမှာ ကျူးလွန်ခံရတဲ့သူတွေ တရားမျှတမှုရဖို့အတွက် ပြည်သူလူထုပေါ်မှာ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်ခဲ့သူတွေမည်သူမဆို ကျူးလွန်ခဲ့သူအားလုံး လွတ်မြောက် သွားတာမျိုးမဟုတ်ဘဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရဖို့အတွက် ရည်ရွယ်ပြီး အခုလို ထုတ်ပြန်ချက်ကို ထုတ်လိုက်ရတာဖြစ်ပါတယ်”

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် - ၁၇ ဦးနဲ့ လူကြီး - ၁ ဦး စုစုပေါင်း ၁၈ ဦးကို ပျူစောထီးအဖွဲ့တွေက ငွေညှစ်ချင်လို့ ဖမ်းဆီးခဲ့တာတွေရှိသလို စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကြောင်းပြ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ အာဏာသိမ်း (၅)နှစ်အတွင်းမှာဆိုရင် အိန္ဒိယ-မြန်မာနယ်စပ်က တမူးခရိုင်မှာ အရပ်သား သေဆုံးမှု ၁၇၉ ဦး၊ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု - ၁၅၁ ဦးနဲ့ အရပ်သား ဖမ်းဆီးခံရမှု - ၂၁၆ ဦး ရှိပါတယ်လို့ KWHRO ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဘွယ်နူးက RFA ကို ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ ဒေသတွင်းတိုက်ပွဲတွေ မရှိပေမယ့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ညအချိန်ဆို အမည်မသိလက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေအတွင်း ဝင်ရောက်ပြီး ဖမ်းဆီးရိုက်နှက်မှုတွေလည်း တိုးလာနေတယ်လို့ KWHRO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခကြာရှည်လာမှုကြောင့် ဆေးဝါးပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေလည်း ဖြစ်ပေါ်နေသလို စစ်ရှောင်ကလေးငယ်တွေမှာ အရေပြားရောဂါကူးစက်ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ( KWHRO ) ဟာ တမူးခရိုင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဒေသအခြေအနေတွေကို ၂၀၂၄ ခုနှစ်က စပြီး ၄ လတစ်ကြိမ် စောင့်ကြည့်အစီရင်ခံထုတ်ပြန်ခဲ့တာ အခု မေလ ၁၉ နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ၇ ကြိမ်မြောက်ထုတ်ပြန်ချက်ဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် မေလ ၁၉ ရက်နေ့အထိ စာရင်းအရ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ရှစ်ထောင်ကျော် (၈.၀၄၈ ဦး ) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။