ရုရှားနိုင်ငံ ကာဇန်မြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ ရုရှား-အာဆီယံ ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်း အမှတ်ထိပ်သီးအစည်းအဝေးကို စစ်တပ်ခန့်အစိုးရရဲ့ ထိပ်တန်းရာထူးရယူထားသူတွေ တက်ရောက် ခွင့်မရခဲ့ပဲ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း သာတက်ရောက်လာတာ တွေ့ရပါတယ်။
ဒါဟာ အာဆီယံက အာဏာသိမ်းစစ်ကောင်စီအပေါ် ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့မူဝါဒကို ဆက်လက် ကျင့်သုံးနေတာလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက RFA ကိုပြောပါတယ်။
“အာဆီယံအနေနဲ့ ပါဝင်ပတ်သက်ဖို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာမှာ ကန့်သတ်မှုရှိထားတဲ့ဟာကို ရုရှားက နေပြီးတော့ကျော်လွန်ပြီး မဆုံးဖြတ်ဘူးဆိုတဲ့သဘောမျိုးအဖြစ် နားလည်ရတယ်။ နောက်တစ်ခုက အာဆီယံ အနေနဲ့ မြန်မာရဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို ကန့်သတ်ထားတဲ့ ဥစ္စာက နိုင်ငံတကာချိတ်ဆက်မှုပိုင်းမှာ အထူး သဖြင့် အသွင်ပြောင်းအစိုးရရဲ့ တရားဝင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အထိုက်အလျောက် အကျိုးသက် ရောက်မှု ရှိနေသေးတယ်ဆိုတဲ့ဟာတော့ မြင်ရတယ်ဆိုတဲ့သဘောမျိုး တွေ့ရတယ်”
ရုရှားအနေနဲ့ မြန်မာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မယ့်အခြေအနေတွေကို ရှောင်ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက သတိထား ဆက်ဆံနေရတာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ယူဆပါတယ်။
“ စစ်အုပ်စုရဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေ ချိုးဖောက်ကျူးလွန်နေမှုတွေက ကျန်တဲ့ သူ့ရဲ့ မဟာမိတ်လို့ပြောလို့ရတဲ့ နိုင်ငံတွေအနေနဲ့ဆိုရင် ဆက်ဆံရေးမှာ သတိထားပြီး ကိုင်တွယ်ရတဲ့အခြေအနေမျိုး ဖြစ်လိမ့်မယ်လို့ယူဆပါတယ်”
ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာရေးရာ ချဉ်းကပ်မှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု မြှင့်တင် ရေး၊ အနာဂတ်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ ကာဇန် ကြေညာစာတမ်း (၂၀၂၆) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီအပြင် ရုရှား-အာဆီယံကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ယဉ်ကျေးမှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှုအစီအစဉ် (၂၀၂၆-၂၀၃၀) ကြေညာချက်တွေကိုလည်း အတည်ပြုခဲ့ကြပါတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဒီနေ့အထိ အကောင်အထည်ပေါ်မလာတဲ့အတွက် စစ်တပ်ခန့်အစိုးရကို ဖယ်ကျဉ်ထားတာဟာ ထိရောက်မှုမရှိဘူးဆိုတဲ့ ရှုမြင်မှုတွေလည်း အာဆီယံအသိုင်းအဝိုင်းထဲမှာ ဖြစ်နေပါတယ်။
ပြဿနာဖြေရှင်းဖို့ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့ဆက်ဆံတာကိုနားလည်ပေမဲ့ အလျင်စလို နိုင်ငံရေးအသိအမှတ်ပြုတာမျိုးတော့ မလုပ်သင့်ဘူးလို့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဌ ဦဘိုဘိုဦးက ထောက်ပြပါတယ်။
“ အာဆီယံနိုင်ငံတွေရယ် အိမ်နီးချင်းနိုင်ငံတွေရယ် နိုင်ငံတကာအသိုင်းအ၀ိုင်းပေါ့နော် အားလုံးအနေနဲ့ စစ်အုပ်စု ကို ဆက်ဆံပြီးတော့ မြန်မာနိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကို လုပ်တာ လက်ခံလို့ရ ပါတယ်။ အသိအမှတ်ပြုတာမျိုး အဆောတလျင်မလုပ်မိဖို့က အရမ်းအရေးကြီးပါတယ်”
စစ်တပ်ခန့်အစိုးရဟာ အာဆီယံရဲ့နိုင်ငံရေးကန့်သတ်မှုအောက်မှာ ဆက်ရှိနေဆဲဖြစ်ပြီး ဒေသတွင်း နိုင်ငံရေး အသိအမှတ်ပြုမှု အပြည့်အဝရရှိရေးဟာ စိန်ခေါ်မှုတစ်ရပ်အဖြစ်ဆက်ရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
