စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာကို စစ်တပ်က ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ဒေသခံ ၂၀ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က နေ့လယ် ၂ နာရီကျော်မှာ ရွာထဲကို လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုများတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒဏ်ရာရတာက ၂၀၊ အခု အလောင်းတွေ့တာက ၇ လောင်းပါ။ ပထမ နှစ်ကြိမ်ကြဲတာကတော့ ဖျက်အားပြင်းတဲ့ ဗုံးသီးတွေနဲ့ ကြဲတာ။ နောက်နှစ်ကြိမ်ကတော့ Rocket တွေနဲ့ချည်း ပစ်တာ။ အဲဒီရွာကို တိုက်ပွဲမရှိဘဲနဲ့ ပစ်သွားတာ”
သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်၊ ၈ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေး သုံးဦး၊ အသက် ၂ဝ အရွယ် လူငယ် တစ်ဦးနဲ့ အသက် ၅ဝ ဝန်းကျင်အရွယ် အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တလိုင်းရွာက နေအိမ်ငါးလုံးထက်မနည်း ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ် ဧရာ၀တီမြစ်ဘေးမှာ ရှိတဲ့ စဉ့်ကိုင်၊ ရေလယ်ကျွန်း၊ မိုးကြိုး စတဲ့ရွာတွေကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့်လည်း အရပ်သားတချို့ ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
လက်ရှိလေကြောင်းတိုက်ခိုက်ခံရတဲ့ တလိုင်းရွာနဲ့ ကိုးမိုင်ခန့်အကွာ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကိုလည်း ဇွန်လ ၁၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ လသားကိုယ်ဝန်လွယ်ထားရတဲ့ ၃၅ နှစ်အရွယ် မိခင်အပြင် သူ့ရဲ့ ငါးနှစ်သမီးနဲ့ နောက်ထပ် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မေလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၇၅၂ ဦး အထိ ရှိခဲ့ပါတယ်။
