မြန်မာအရေး အာရှပစိဖိတ်မဟာဗျူဟာစကားဝိုင်းမှာ အသေးစိတ်ဆွေးနွေးမယ်

အာဆီယံထိပ်သီးညီလာခံမှာ မဆွေးနွေးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေကို မလေးရှားမှာရှိတဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန အာရှပစိဖိတ်စကားဝိုင်းမှာ အသေးစိတ်ဆွေးနွေးမည်ဟုဆို။

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ စပြီးကျင်းပမယ့် မလေးရှား မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (ISIS) ရဲ့ ၃၉ ကြိမ်မြောက် အာရှပစိဖိတ်မဟာဗျူဟာစကားဝိုင်း (Asia-Pacoific Roundtable - APR) မှာ အသေးစိတ် ထည့်သွင်းဆွေးနွေးသွားမယ်လို့ ISIS အကြီးအကဲ ပါမောက္ခ ဒေါက်တာမိုဟာမက်ဖိုင်အဒူလာ (Dr. Mohd Faiz Abdullah) က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံအများစုရဲ့ တရားဝင် ရပ်တည်ချက်အတိုင်း မြန်မာနိုင်ငံအရေးဟာ ကျယ်ကျယ်လောင်လောင် ဆွေးနွေးနိုင်မှုမရှိဘဲ တိုးတိုးတိတ်တိတ် နဲ့ ပြီးသွားခဲ့ကြောင်း၊ ဒါ့ကြောင့် APR မှာ တစ်သီးတစ်ခြား အစုအဖွဲ့နဲ့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်လို့ သူကပြောပါတယ်။

မြန်မာ့အရေးနဲ့အတူ တောင်တရုတ်ပင်လယ်အရေး၊ အနောက်အာရှ အခြေအနေနဲ့ စည်းကြပ်ခွန်၊ လောင်စာပြတ်လတ်မှုနဲ့ ဉာဏ်ရည်တု တိုးတက်အသုံးချမှုအကြောင်းတွေကိုလည်း အဖွဲ့လိုက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

APR ဆွေးနွေးပွဲမှာ နိုင်ငံပေါင်း ၃၀ ကျော်က မူဝါဒရေးရာလေ့လာသူတွေ၊ ခေါင်းဆောင်တွေ ၄၀၀ ကျော်တက်ရောက်မှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့အရေးကို ဦးစားပေး လေ့လာဆွေးနွေးပြီး ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။