မန္တလေးမှာ နေ့စဉ်လုယက်မှုတွေကြောင့် မြို့ခံတွေ လုံခြုံရေးစိုးရိမ်နေ

နေ့လယ်ခင်း လူစည်ကားတဲ့နေရာတွေမှာတောင် လုယက်မှုတွေ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေကြောင်း မြို့ခံတွေပြော။

မန္တလေးမြို့မှာ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနဲ့ ရွှေထည်လို အဖိုးတန်ပစ္စည်းတွေ နေ့စဉ်နီးပါး လုယက်ခံနေရပြီး၊ နေ့လယ်ခင်း လူစည်ကားတဲ့နေရာတွေမှာတောင် ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ ၅၈ လမ်း၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားမှာ နေ့လယ်ခင်း လူသွားလူလာများနေချိန် ဖုန်းလုယက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“အိမ်က အငယ်မ ဖုန်းလာလို့ ပြောနေတုန်း နောက်ကကောင်က လုသွားတာ။ အမကလည်း အော်တာပေါ့ ဖုန်းပါသွားတော့။ ဘေးကလူတွေကလည်း ကြောင်ကြည့်နေတယ်။ အဲဒါ လူရှိတယ်။ နေ့ခင်းကြီး ၁၂ ခွဲ ၁ နာရီလောက်ပဲ ရှိဦးမှာ။ လူတွေသွားလာနေကြတာ အဲလိုကြီးကို ပေါ်တင်လုတာ”

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်း မတည်မငြိမ် ဖြစ်နေချိန် အလုပ်အကိုင် ရှားပါးမှု၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များလာတာကြောင့် ဒီလို ဒုစရိုက်မှု၊ လုယက်မှုတွေ ပိုများလာတာလို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

ငွေကျပ် သုံးသိန်းနဲ့ ဖုန်းလုယက်ခံခဲ့ရတဲ့ မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက - ဒုစရိုက်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးမယူတာကြောင့် နေ့စဉ် လုယက်မှုတွေ ဖြစ်နေတာလို့ ပြောပါတယ်။

“ကိုယ်သိတဲ့ အသိုင်းအဝိုင်းနားလေး တစ်ရပ်ကွက်၊ နှစ်ရပ်ကွက် လိုက်စုံစမ်းလိုက်ရင် တစ်နေ့ တစ်နေ့ (ဖုန်း)လေးငါးလုံးလောက်က ပါသွားတာကြီးပဲ။ အဲဒါတွေက အမှန်အတိုင်းပြောရရင် ခိုးဆိုးခါးတွေကို ထိရောက်တဲ့ အရေးယူမှုမပေးဘဲနဲ့ မျက်နှာသာပေးထားလို့ပေါ့ဗျာ။ အခုနောက်ပိုင်း ဒီ ခိုးဆိုးခါးနှိုက်တွေက ထောင်ကျလည်း အပျင်းပြေလောက်ကျနေတော့ လွတ်ငြိမ်းထဲမှာ လွတ်ရင် ထိပ်ဆုံးက လွတ်လာတာ။ ထိပ်ဆုံးက လွတ်လာတော့ မကြောက်တော့ဘူးပေါ့ဗျာ”

သူ့ပတ်ဝန်းကျင်မှာလည်း ဖုန်းနဲ့ ဆိုင်ကယ်လုယက်ခံရသူတွေ ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေ ပါဝင်တဲ့ မဟာအောင်မြေခရိုင် ရဲတပ်ဖွဲ့စာရင်းတွေအရ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၇ ရက်နေ့အထိ ခိုးမှု၊ လုယက်မှုနဲ့ ဖောက်ထွင်းမှုအပါအဝင် အမှု ၂၈၀ ကျော် တိုင်ကြားထားတယ်လို့ သိရပါတယ်။

လုယက်သူတွေဟာ သုံးဦးကနေ ငါးဦးအထိ အဖွဲ့လိုက် လှုပ်ရှားတာရှိသလို၊ လူရှင်းတဲ့ နေရာတွေမှာတော့ အာဏာပိုင်အဖွဲ့အစည်းတစ်ခုက စစ်ဆေးနေသလို ဟန်ဆောင်ပြီး လုယက်တာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအထဲမှာ အသက်အန္တရာယ်ပြုပြီး လုယက်တာတွေအထိ ရှိတယ်လို့ အုပ်စုလိုက် ထိုးကြိတ်လုယက်တာကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်ခါကဆို ကိုယ်တွေရှေ့မှာတင်လုတာ ညကြီး ၇ နာရီ လောက်ကို မီးပွိုင့်မှာ။ ကောင်လေးကို မျက်ခွက်ကို နှစ်ချက်ဆင့်ထိုးလိုက်တယ်။ ဟိုကလေးက ပျာသွားပြီးမှ အဲမှာ ဆိုင်ကယ်တူးဘောက်တွေ လှန်ပြတာ အဲမှာ ဆိုင်ကယ်ကို စောင့်ပိတ်ချပြီးတော့ ထိုးတဲ့ကောင်က ခွထိုင်လိုက်ပြီး မောင်းချသွားတာ။ ဒီရက်ပိုင်းကတော့ မန္တလေးတစ်မြို့လုံး နေရာစုံမှာ ဆိုင်ကယ်လုယက်မှုတွေက အရမ်းများနေတာ။ ဇိုးလိုလို သူခိုးလိုလို ဂျပိုးလိုလို ကောင်တွေပေါ့။ အဲလိုကောင်တွေက များနေတာ လုယက်မှုက”

ဒီလိုဒုစရိုက်မှုတွေကို အာဏာပိုင်တွေက အရေးမယူဘဲ လျစ်လျူရှုထားတာကြောင့် ပိုဆိုးလာတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဘယ်နယ်မြေမှာ ဘယ်ကောင်တွေ လှုပ်ရှားတယ် ဘယ်ကောင်တွေ ဂိုဏ်းရှိလဲဆိုတာ သူတို့အကုန် စာရင်းက ရှိပြီးသား သိပြီးသားကို သူတို့ မဖမ်းချင်လို့သာ မဖမ်းတာ။ ဘာလို့ဒါတွေကို လွှတ်ပေးထားလဲ”

ဒီလိုဒုစရိုက်မှု ကျူးလွန်သူတွေထဲမှာ စစ်တပ်က သင်တန်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြို့ခံတွေပြောပြချက်အရ ဒီလအတွင်းမှာပဲ ပုသိမ်ကြီးမြို့နယ်က ဆိုင်ကယ်လုယက်မှုတစ်ခုနဲ့ အောင်မြေသာစံမြို့နယ်က ပိုက်ဆံလုယက်မှုတစ်ခုတို့မှာ ကျူးလွန်သူတွေဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြို့လယ်ခေါင်နဲ့ လူစည်ကားရာ နေရာတွေပါမကျန် လုယက်မှုတွေ ပေါ်ပေါ်ထင်ထင်ဖြစ်နေတဲ့ မန္တလေးမြို့မှာ စိုးရိမ်စိတ်တွေနဲ့ နေ့စဉ် နေထိုင်နေရတဲ့ မြို့ခံတွေက ဒီလိုဒုစရိုက်မှုတွေ လျော့နည်းပပျောက်လာဖို့ မျှော်လင့်နေကြပါတယ်။