မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဇူလိုင် ၂ ရက်နေ့ အထိ ကျေးရွာ ၁၆ ရွာက လူ တစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း၊ ကျေးရွာတွေက အိမ်ထောင်စု ၂၀၆၄ စု၊ လူဦးရေ (၁၀,၁၇၁) ဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်မြို့နယ် ပုသိမ် - မုံရွာ လမ်းမကြီးဘေးတစ်လျှောက်က ရွာတွေ ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီစစ်ကြောင်းက ပေါက်မြို့နယ် ပုသိမ် - မုံရွာ လမ်းမကြီးအတိုင်း သွားမှာ။ အခု ပေါက်နယ်ထဲကို ရောက်နေပြီ။ အဲကရွာတွေ အကုန်ရှောင်ရတာပေါ့။ အဲနားမှာ စစ်ရှောင်တွေ တအားများတယ်။ ကတ္တရာလမ်းဘေးရွာတွေက အကုန်လုံး လိုလို ရှောင်နေရတယ်”
အဲဒီစစ်ကြောင်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အား ၅၀၀ လောက်ပါတဲ့ စစ်ကြောင်း ဖြစ်ပြီး မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်က ပျူစောထီးလက်နက်ကိုင်တွေရှိရာ ကျေးရွာတွေကနေ ဇွန်လ ၃၀ ရက် နေ့မှာ ပေါက်မြို့နယ်ထဲ ရောက်လာတာလို့ ဆိုပါတယ်။
ပေါက်မြို့နယ်တွင်း တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရေပြာရဲစခန်းနဲ့ ကုက္ကိုလ်စုရွာကို ဦးတည်သွားမယ့် အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ နဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ (NUG) ရဲ့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်အသွင်ပြောင်း အစိုးရဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က မြိုင်မြို့နယ် တွင်းမရွာမှာ ရပ်နားခဲ့တဲ့ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် ပေါက်နဲ့ မြိုင်မြို့နယ်တွေကို စစ်တပ်က လေကြောင်းရော မြေပြင်ကပါ အကြီးအကျယ် ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၇ သန်းကျော်ရှိပြီး မကွေးတိုင်းထဲမှာ နှစ်သိန်းရှစ်သောင်း(၂၈၀,၀၀၀) ရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။
