၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ကလေး အနည်းဆုံး တစ်ထောင်ကျော် (၁,၀၈၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ နှစ်လသားအရွယ် ကလေးငယ်ကနေ အသက် ၁၃ နှစ်အောက်အရွယ် (၆၃၂) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အတည်မပြုနိုင်သေးတဲ့ သေဆုံးသူ ကလေးပေါင်း ၄၀၀ ခန့် ကျန်နေသေးတာကြောင့် ဒီ့ထက် ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးတွေအားလုံး အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေပြီး အနာဂတ်ပျောက်ဆုံးနေတဲ့အကြောင်း နိုင်ငံတကာသိအောင် ဒီအစီရင်ခံစာကို ထုတ်ပြန်တာလို့ AAPP တာဝန်ခံ ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။
“ဒီအစီရင်ခံစာထုတ်ပြန်ရတဲ့ရည်ရွယ်ကတော့ နိုင်ငံတကာကို အဓိကပြောချင်တာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံမှာ ကလေးငယ်တွေက အနာဂတ်ပျောက်ဆုံးနေတယ်။ ဒီကလေးငယ်တွေက ခိုကိုးရာမဲ့ ဖြစ်နေတယ်”
မကွေးတိုင်းအတွင်း စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် သားသမီးတစ်ဦးဆုံးရှုံးခဲ့ရတဲ့ အမည်မဖော်လိုတဲ့ မိခင်တစ်ဦးက သူ့အနေနဲ့ အခုချိန်အထိ စိတ်ဒဏ်ရာတွေ မပျောက်သေးဘူးလို့ ပြောပါတယ်။
“ကျွန်မတို့နိုင်ငံမှာ ဒီအာဏာသိမ်း အကြမ်းဖက်စစ်တပ်ကြောင့် ကလေးငယ်တွေ ၁,၀၀၀ ကျော်တောင် သေပေးလိုက်ရပြီလားရှင်၊ ကျွန်မတို့ဖြင့် ကလေးလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာတောင် ဘယ်လိုမှ ခံစားလို့ ဖြေဆည်လို့ မရသေးဘူး။ မိဘတွေဆိုတော့ ရူးမတက်ခံစားနေရတာ။ ပြန်မရနိုင်တဲ့ အရာလေ။ အခုအချိန်ထိလည်း စိတ်ဒဏ်ရာတွေက မပျောက်သေးပါဘူး။ ကျွန်မတို့လိုနောက်ထပ် မိသားစုတွေ ဒီလိုမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”
မြန်မာပြည်မှာ စစ်တပ်ကြောင့် ကလေးငယ်တွေ ဘဝတွေ မလုံခြုံဘဲ အနာဂတ်တွေ ပျောက်နေရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“နိုင်ငံကို ကြည့်လိုက်ရင် ဘယ်မှာလဲ ကလေးငယ်တွေအတွက် လုံခြုံတဲ့နေရာ၊ ဘယ်မှာလဲ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ့် ကျောင်းလိုနေရာ။ ဒီနေရာတွေကိုလည်း စစ်တပ်က လေကြောင်းဗုံးကြဲလို့ ကျောင်းပေါင်း ၅၀၀ နီးပါးက ပျက်စီးသွားပြီ။ နိုင်ငံတစ်ခုမှာ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ် တစ်ခု ရှိဖို့ လိုတယ်ဆိုတာ မူအရ လက်ခံတယ်။ မြန်မာပြည်မှာ အခုလို စစ်တပ် ရှိနေတာကတော့ တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးဖို့ သပ်သပ်ချည်း ဖြစ်နေတာမို့ လက်မခံနိုင်ဘူး”
စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း ကလေးသူငယ် ၆၃၉ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ တချို့ဟာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသလို မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတာ၊ စစ်ကြောရေးအတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့လည်း AAPP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်း၊ မူကြိုနဲ့ သင်တန်းကျောင်း အနည်းဆုံး ၄၇၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ တစ်နှစ်ထက်တစ်နှစ် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုများလာတာကြောင့် လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေ ပညာသင်ကြားခွင့်ကို ဆိုးရွားစွာ ထိခိုက်လာတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ ကလေးသူငယ်တွေ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့လည်း AAPP ရဲ့ တာဝန်ရှိသူ ဦးအောင်မျိုးကျော်က တိုက်တွန်းပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
