မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း၊ မင်းဘူး(စကု)မြို့နယ် အနောက်ဘက်က ကျေးရွာပေါင်း ၂၀ နီးပါးမှာ စစ်တပ်စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်နေတာကြောင့် ဒေသခံ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ဇူလိုင်လ ၁၂ နေ့က ပြောပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ ဥယျာဉ်တံတားဂိတ်စခန်းကို မင်းဘူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ချင်းကာကွယ်ရေးတပ် (အရှို)၊ လူ့ဘောင်သစ်တပ်တော် (NSA) တို့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ဇွန်လ ၂၈ နေ့နောက်ပိုင်းကတည်းက စစ်ကြောင်း သုံးခုခွဲပြီး စကုမြို့အနောက်ဘက်က ကျေးရွာတွေကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်နေတာလို့ဆိုပါတယ်။
ပေါင်းရွာမှာ စစ်တပ်ခန့်အစိုးရတပ်အဖွဲ့က တပ်စွဲထားပြီး အနီးဝန်းကျင်ကရွာတွေကို စစ်ကြောင်းထိုး ပစ်ခတ်နေတာကြောင့် တောထဲမှာ ထွက်ရှောင်နေရတယ်လို့ စကုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုအချိန်က နှမ်းရိပ်ချိန်လေ၊ နှမ်းထောင်တွေ ပစ်ထားပြီး တောထဲသွားရှောင်နေကြရတာပေါ့၊ အိမ်တိုင်းက လူတိုင်းတော့မဟုတ်ပေမယ့် အများစုကတော့ ရှောင်နေကြတယ်။ ယောက်ျားလေးတွေဖမ်းနေတော့ ရွာထဲ ဘယ်နေရဲမလဲ၊ အခု မိုးတွေရွာနေတော့ တောထဲမှာ နေရေးထိုင်ရေး စားရေးသောက်ရေး အကုန်ဒုက္ခရောက်ကြရတယ်၊ ရွာပေါင်းက ၂၀ လောက်ရှိတော့ အနည်းဆုံး လူဦးရေ မရှိဘူးဆို သောင်းချီလောက်တယ်ဗျ”
စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေကတော့ ပေါင်းရွာ၊ ကသက်၊ မဲချောင်၊ ခွန်သာ၊ မြောင်းဦး၊ ကုတင်ကုန်း၊ ဖြူကုန်း၊ ကူရွာ၊ ကြီးကန်၊ မြောင်းကြား၊ ရွှေကြောင်း၊ မုတ်ခဲ၊ ချင်းကုန်း၊ ပန်းလွှား၊ ခံကုန်းရွာ၊ ပေါင်းရွာကလေးရွာ၊ ဆံဖြူခင်၊ ဘုမ္မနိုးရွာ၊ တောကျောင်းကုန်းရွာနဲ့ မကျီးချောင်းရွာတို့ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မကွေးတိုင်း ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၈ သန်းကျော် (၃,၈၁၄,၁၀၀ ဦး) ရှိပြီး မကွေးတိုင်းထဲမှာ သုံးသိန်းနီးပါး (၂၉၆,၃၀၀ ဦး) ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။
