ရွှေဘိုမှာ တစ်ပတ်အတွင်း စစ်မှုထမ်းဖို့ လူငယ် နှစ်ဆယ်ကျော် အဓမ္မဖမ်းဆီးခံရ

အတင်းအဓမ္မ စစ်သားစုဆောင်းခံလိုက်ရတဲ့ အမျိုးသားတွေထဲမှာ အသက်၂၀ အရွယ် လူငယ်ပိုင်းတွေပိုများဟုဆို။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇူလိုင်လ ၂၁ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်အတွင်း လူငယ် အယောက် နှစ်ဆယ်ကျော်ကို စစ်တပ်က အတင်းအကျပ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

အဖမ်းခံရသူတွေကို ရွှေဘိုမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေတဆင့် အမှတ်(၈) လေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ ခလရ-၄၂ ကို ပို့ဆောင်ကာ စစ်သင်တန်းပေးနေတယ်လို့ အမည်မဖော်လိုတဲ့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

“၂၁ ရက်က ဈေးတောင်ဘက်က အထမ်းသမားလေးတွေကို ဝင်ဆွဲတာ ရှစ်ဦးပါတယ်။ ၂၃ ရက်က ​ရွှေဘိုမြို့ပတ်လမ်းမှာ ၁၁ ယောက်ပါတယ်။ ပေါ်တာဆွဲခံရမှာစိုးလို့ အလုပ်ကနေ စုပြန်တဲ့ လူငယ်လေးတွေ အကုန်လုံး စစ်တပ်လှည့်ကင်းနဲ့တိုးပြီး စစ်သားစုဆောင်းခံလိုက်ရတယ်။ ၂၅ ရက်နေ့ကလည်း ဆေးရုံက လူနာစောင့်နှစ်ယောက် ထမင်းထွက်ဝယ်ရင်း ပေါ်တာဆွဲခံလိုက်ရတယ်"

ရွှေဘိုမြို့နယ်က မြို့မဆေးရုံ၊ မြို့မဈေးနဲ့ လောကမာရိဇိန်ဘုရားအနီးတို့မှာ ညနေပိုင်း လူအသွားအလာနည်းနေချိန်မှာ စစ်တပ်က အိမ်စီးကားတချို့နဲ့ စောင့်ကြည့် ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်းခံလိုက်ရတဲ့ အမျိုးသားတွေထဲမှာ အသက်၂၀ အရွယ် လူငယ်ပိုင်းတွေပိုများပြီး နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ရွှေဘိုမြို့ပေါ်မှာ အရပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးခံရတာတွေ ပိုများလာတာကြောင့် ညနေ ၆ နာရီနောက်ပိုင်း မြို့ပေါ်မှာ လူအသွားအလာမရှိတော့ဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းက စစ်တပ်ပြောခွင့်ရသူ ဦးအောင်ဇော်ဦးနဲ့ နေပြည်တော်က ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာပဲ တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။