စစ်ကိုင်းနဲ့ဝက်လက်မှာ ဗုံးကြဲခံရလို့ လေးဦး သေ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပျက်စီး

တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က မိနစ်ပိုင်းသာခြားပြီး ပေါက်ကန်ဘူတာရွာနဲ့ စမွန်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟုဆို။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကန်ဘူတာရွာ၊ စစ်ကိုင်းမြို့နယ် စမွန်းရွာနဲ့ တလိုင်းကျွန်း ရွာတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား လေးဦးသေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ် ၂၀ ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ မိနစ်ပိုင်းသာခြားပြီး ပေါက်ကန်ဘူတာရွာနဲ့ စမွန်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လေယာဉ်က ဗုံး လေးလုံးပါတာကို တစ်ရွာကိုနှစ်လုံးစီချတယ်။ ပေါက်ကန်ဘူတာကို နှစ်ကြိမ်ချတယ်။ ပြီးတော့ နောက်တစ်နေရာပြောင်းပြီး စမွန်းကို ဗုံးထပ်ချတယ်။ တစ်ရွာနဲ့တစ်ရွာက ၅ မိုင်၊ ၆ မိုင်လောက်ပဲဝေးတော့ ၅ မိနစ်လောက်ပဲခြားတယ် ဗုံးကြဲချတဲ့အချိန်က၊ ဘာတိုက်ပွဲမှမရှိဘူး၊ ဘာမှကိုမရှိဘူး ရဲဘော်ကိုမရှိတာ လာကြဲသွားတဲ့ဟာက”

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကန်ဘူတာရွာကို စဉ်ကူးမြို့နယ် ရွှေပြည်ရွာကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ အသက် ၆၀ အရွယ် ဦးမြင့်သန်းနဲ့ စမွန်းရွာက အသက် ၄၀ အရွယ် ဒေါ်မြင့်မော်တို့ သေဆုံးခဲ့ပြီး နောက်ထပ် သုံးဦး ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

စမွန်းရွာကို ဗုံးကြဲချချိန် မီးလောင်ပေါက်ကွဲတာကြောင့်လည်း နေအိမ် ၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၂ နာရီကျော်အချိန်မှာလည်း စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာ စာသင်ကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တလိုင်းကျွန်းက ညပိုင်း ၁၂ ကျော်လောက်မှာကြဲသွားတာ၊ စာသင်ကျောင်းလည်း ပျက်စီးတယ် စာသင်ကျောင်းဘေးမှာ မနက်တိုင်း မုန့်တီလုပ်ရောင်းတဲ့ လင်မယား နှစ်ဦးသေသွားတာဗျ”

ဒီတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးဒေါင်းလင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်စန်းလွင်တို့ ဇနီးမောင်နှံသေဆုံးပြီး စာသင်ကျောင်းဆောင် လေးဆောင်နဲ့ နေအိမ် သုံးလုံး ပျက်စီးတယ်လို့ သူက ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း အခုဗုံးကြဲခံရတဲ့ စမွန်းရွာနဲ့ ၈ မိုင်ခန့်အကွာက စစ်ကိုင်းမြို့နယ် တလိုင်း (ထီးလှိုင်) ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ဒေသခံ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၈၄၆ ဦး အထိ ရှိခဲ့ပါတယ်။