မကွေးတိုင်း၊ မြိုင်မြို့နယ် သင်းမရွာမှာ ဆယ်ရက်ကျော်ကြာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်တပ်နဲ့ပျုစောထီး ပူးပေါင်းစစ်ကြောင်းဟာ ဩဂုတ်လ ၁ ရက်မနက်ပိုင်းမှာ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်သွားသလို နေအိမ် လေးဆယ် လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်တပ်နဲ့ပျုစောထီးပူးပေါင်းအင်အား ၅၀၀ ခန့်ပါဝင်ပြီး ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကတည်းက ပခုက္ကူမြို့နယ်အခြေစိုက် ခမရ-၁၀၁တပ်ရင်းကနေ ပေါက်နဲ့မြိုင်ဒေသက ရေနံမှော်တွေကို ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဝယ်တောင်ရေနံမှော်နဲ့ ရှစ်မိုင်အကျော်မှာရှိတဲ့ သင်းမရွာကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ စတင်ဝင်ရောက်ပြီး ဆယ်ရက်အကြာ တပ်စွဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့မှာတော့ သင်းမရွာကနေ စစ်ကြောင်းပြန်ထွက်သွားချိန် နေအိမ်အလုံး လေးဆယ် လောက်ကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်သွားတယ်လို့ အမည်မဖော်လိုတဲ့ မြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒေသခံတွေရဲ့ ဆန်တွေ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတာ။ ဆန်အိတ်တွေလည်း သယ်သွားတယ်။ နေအိမ် လေးဆယ်ကတော့ သူတို့တပ်စွဲနေထိုင်နေတဲ့ တောက်လျှောက် မီးရှို့ခဲ့တာတွေပေါ့။ လက်ရှိမှာတော့ တာဝန်ရှိသူတွေက ရွာကိုဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ပေးနေတာ ရှိပါတယ်။ မီးရှို့ခံရတဲ့ အိမ်တွေက ဘာမှကိုပြန်မရဘူးဗျ။ ဒေသခံတွေကတော့ နေအိမ်တွေကို မပြန်နိုင်သေးဘူး။ စစ်ကြောင်းက နီးနေသေးတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းပါပဲ”
လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ သင်းမရွာနဲ့ နှစ်မိုင်အကျော်မှာရှိတဲ့ ဘောင့်ဘင်ရွာမှာ တပ်စွဲနေထိုင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဩဂုတ် ၂ရက်နေ့မနက်ပိုင်းကစပြီး နေအိမ်တွေကို မီးဆက်ရှို့နေသလို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စောင့်ကြည့်နေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာ ဆယ်ရွာထက်မနည်းကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားခံနှစ်ဆယ်ခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFAအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
စစ်တပ်ခန့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
