ကြို့ပင်ကောက်မှာ ဗုံးကြဲခံရလို့ ကလေး နှစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရ

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက် ၁နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အင်တိုင်းကုန်းကျေးရွာကို ဩဂုတ် ၅ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦး အပါအဝင် လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

ကြို့ပင်ကောက်မြို့နဲ့ ၁၂ မိုင်ခန့်ဝေးတဲ့ ပဲခူးရိုးမအစပ်က ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“ဒီနေရာမှာ စစ်ရေးပစ်မှတ်လည်း မရှိဘူး။ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး။ သူတို့ ဗုံးလာကြဲနေတာက ကျေးရွာတွေ ဖြစ်တယ်ဗျ။ အခုလို မကြုံဖူးတော့ ရုတ်တရက် လာတိုက်ခိုက်ခံလိုက်ရတော့ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရတယ်။ အနီးအနားက ရွာတွေလည်း ပျက်စီးတယ်ဗျ။”

အဲဒီရွာက အသက် ၁ နှစ် အရွယ် မောင်ဟိန်းထက်ပိုင်က မျက်ခုံးမှာ ဒဏ်ရာ ရရှိခဲ့သလို အသက် ၁၂ နှစ် အရွယ် မချစ်ကတော့ ကျောဘက်နဲ့ ရင်ဝမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် အသက် ၇၀ နှစ် ဦးမဲကြီး၊ အသက် ၄၄ နှစ် ဦးသန်းဇော်၊ အသက် ၄၇ နှစ် ဒေါ်ဌေးဌေးဦး နဲ့ အသက် ၃၅ နှစ် ဒေါ်ယုယုမော် တို့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဲဒီထဲမှာ နှစ်ဦးက ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ဘေးလွတ်ရာ ထွက်ပြေးကြသူတွေ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် ထွက်မပြေးနိုင်သူတွေကတော့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကြို့ပင်ကောက်မြို့နယ်ကို စစ်တပ်က အင်အား ရာချီနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဥယျာဉ်ကြီး၊ ကျေးရွာလေး၊ ရုံးချောင်း၊ ကျွန်းတောစု၊ ချောင်းဂွ၊ ကွက်သစ်၊ မြို့ကိုင်း၊ မင်းဝ၊ ကြက္ခတ်တန်း၊ ကျွဲသေ၊ ကျွဲတဲ၊ မှတ်တိုင်၊ သခွက်ပင်၊ အင်တိုင်းကုန်း စတဲ့ ရွာပေါင်း ဆယ်ရွာထက်မနည်း ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။