ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့် ကင်ဆာရောဂါ ခံစားနေရပြီး အချိန်မီဆေးကုသခွင့်မရတာကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က RFA ကို ဩဂုတ်လ ၁၄ ရက်နေ့က ပြောပါတယ်။
ကင်ဆာရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ မြင်းခြံ၊ ရွှေဘို၊ ညောင်ရွှေ၊ မြစ်ကြီးနား၊ အိုးဘိုနဲ့ အင်းစိန်အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရသူတွေဖြစ်တယ်လို့ WOPP က ပြောပါတယ်။
အကျဉ်းထောင်တွေမှာ ကင်ဆာရောဂါကုသမှု နှောင့်နှေးလေလေ ရောဂါကျွမ်းလာနိုင်တာကြောင့် ကင်ဆာရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူအားလုံး အရေးပေါ်ဆေးကုသမှု လိုအပ်နေတယ်လို့လည်း မဆုမြတ်က RFA ကို ပြောပါတယ်။
“ကင်ဆာရောဂါဆိုတဲ့ သဘောတရားက ကုသမှုနှောင့်နှေးနေတာနဲ့အမျှ ရောဂါကျွမ်းတဲ့အခြေအနေမှာ ရှိတာမို့လို့ အားလုံးဟာ အသက်အန္တရာယ်ကို အချိန်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာပါ။ ဒါ့ကြောင့် အားလုံးဟာ အရေးပေါ်ကုသဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”
ရွှေဘိုအကျဉ်းထောင်တွင်း အချိန်မီဆေးကုသခွင့် မရတာကြောင့် ကင်ဆာရောဂါဝေဒနာ ပိုမိုဆိုးရွားလာပြီး အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦး ဩဂုတ်လ ၁၃ ရက်နေ့က သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသွားသူဟာ ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်လယ်လောက်မှ ဆေးကုသခွင့်ရခဲ့တာကြောင့် ထောင်အာဏာပိုင်တွေက အချိန်မီ ဆေးကုသခွင့်မပေးခဲ့ဘူးဆိုတာကို သက်သေပြနေတယ်လို့ မဆုမြတ်က ပြောပါတယ်။
အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးသွားတဲ့ အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟာ ၂၀၂၃ ခုနှစ်က ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။
အကျဉ်းထောင်တွေကို ဝင်ရောက်ခွင့်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လို အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေ လုံလောက်တဲ့ ဆေးဝါးကုသခွင့် ရရှိရေးအတွက် ဖိအားပေးတိုက်တွန်းဖို့လိုတယ်လို့ WOPP ရဲ့ ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က RFA ကို ပြောပါတယ်။
WOPP ထုတ်ပြန်ချက်အရ အကျဉ်းထောင်အတွင်း ကင်ဆာရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့် ရှိနေပြီး အချိန်မီဆေးကုသခွင့် မရရှိတာဟာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ဆိုင်ရာ အရေးကြီးတဲ့ ပြဿနာတစ်ရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာလည်း အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသူတွေဟာ ကင်ဆာရောဂါအပြင် အရေပြားရောဂါ၊ အစာအိမ်နဲ့ အခြားကျန်းမာရေးပြဿနာတွေကိုလည်း ခံစားနေကြရတယ်လို့ WOPP က ပြောပါတယ်။
အကျဉ်းထောင်တွင်း မသန့်ရှင်းတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မရရှိတာတွေကြောင့် ကိုယ်ခံအားနည်းတာနဲ့ အစာအိမ်ရောဂါတွေ ဖြစ်ပွားနေသလို အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေလည်း အဖြစ်များနေတယ်လို့ မဆုမြတ်က RFA ကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းထောင်အတွင်း နည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရှိနေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေလည်း ထိခိုက်နေတယ်လို့ဆိုပါတယ်။
ထောင်တွင်းအခြေအနေတွေနဲ့ပတ်သက်လို့ WOPP ပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် မေလအထိ အကျဉ်းထောင် ၃၂ ခုမှာ နိုင်ငံရေးအကျဉ်းသား ၂၈၃ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၁၄၈ ဦးဟာ အချိန်မီ ဆေးကုသခွင့်မရတာနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ PPNM က ပြောပါတယ်။
