ရေဘေးကြောင့် စားနပ်ရိက္ခာအကျပ်အတည်း ပိုဆိုးလာနိုင်ကြောင်း WFP သတိပေး

ရေဘေးသင့်မိသားစုတွေဆီ အချိန်မီနဲ့ အတားအဆီးမရှိ သွားရောက်ကူညီနိုင်ဖို့နဲ့ အရေးပေါ်ရန်ပုံငွေတွေ ရရှိဖို့ အရေးကြီးနေ။

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရေကြီးတာ ဆက်ကြာနေမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးရွားလာနိုင်တယ်လို့လည်း WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ် ဒန်ဖို့ဒ် (Michael Dunford) က ပြောပါတယ်။

“ရေကြီးတာက ထပ်ခါတလဲလဲဖြစ်နေကျ ‌ဘေးအန္တရာယ်တစ်ခုဆိုပေမဲ့ ဒီနှစ်မှာတော့ တခြားအကျပ်အတည်းမျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်။ WFP အနေနဲ့ လတ်တလော စားနပ်ရိက္ခာအကူအညီတွေပေးနိုင်ဖို့ အမြန်ဆုံး လှုပ်ရှားဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ရေကြီးတာက ဆက်ပြီးကြာနေမယ်ဆိုရင်တော့ အခြေအနေတွေ အလျင်အမြန် ဆိုးရွားသွားနိုင်ပါတယ်”

ဇူလိုင် ၃၀ ရက်ကစပြီး မိုးကြီးတာကြောင့် ရေကာတာကျိုးပေါက်ပြီး ရေဝင်ရောက်ခဲ့တဲ့ လေးမျက်နှာမြို့နယ်မှာ ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၉၈ ရွာက လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ WFP က ဖော်ပြပါတယ်။ တစ်နိုင်ငံလုံးတိုင်းအတာနဲ့ ရေဘေးသင့်နေတဲ့ အခြေအနေအပြည့်အစုံကိုလည်း ဆက်ပြီး စာရင်းကောက်နေတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်မိသားစုတွေဆီ အချိန်မီနဲ့ အတားအဆီးမရှိ သွားရောက်ကူညီနိုင်ဖို့နဲ့ အရေးပေါ်ရန်ပုံငွေတွေ ရရှိဖို့ဟာ လက်ရှိစားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေးအတွက် အရေးကြီးတယ်လို့လည်း WFP က ပြောပါတယ်။

ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေ၊ စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုတွေနဲ့ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်ဟာ ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၂၁ ခုမှာ လူဦးရေ ၄ သိန်းခွဲကျော် ရေဘေးကြုံနေရပြီး သေဆုံးသူ ၂၅ ဦးအထိ ရှိလာပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ရေဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။