ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေရဲ့ အရင်းခံအကြောင်းတရားနဲ့ မြေပြင်အခြေအနေတွေကို အသိအမှတ်မပြုဘဲ နိုင်ငံတချို့က နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ လူမှုကွန်ရက်မီဒီယာတွေနဲ့ သတင်းဖော်ပြချက်တွေကို ပယ်ချတယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး လူအများအပြား သေဆုံး၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ၂၀၁၇ ခုနှစ်ဖြစ်စဉ် ကိုးနှစ်ပြည့်ချိန်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တာဝန်ခံမှုနဲ့ တရားမျှတမှုရရှိရေး တောင်းဆိုချက်တွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ စစ်တပ်ခန့်အစိုးရဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေကို ARSA ရဲ့ တိုက်ခိုက်မှုကြောင့်လို့ ပြောပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာလို့ တုံ့ပြန်ပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိအခြေအနေမှန်ကို လိမ်လည်လှည့်ဖြားထားပြီး နိုင်ငံတကာတရားရုံးတွေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို စိန်ခေါ်နေတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်မြိုင်က ဝေဖန်ပါတယ်။
“စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိအခြေအနေမှန်ကို ပြောင်ပြောင်တင်းတင်း လိမ်လည်လှည့်ဖြားထားပြီးတော့ နိုင်ငံတကာတရားရုံးတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို စိန်ခေါ်စော်ကားလိုက်တာပါပဲ ဒါကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော်တို့ ကန့်ကွက်တယ်”
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို အာဆာ (ARSA) အဖွဲ့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ပြောပါတယ်။
အဲဒီနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေရဲ့ အကြောင်းရင်းဟာ ARSA အဖွဲ့ရဲ့ ကြိုတင်စီစဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတာဆိုတဲ့အချက်ကို နိုင်ငံတချို့ရဲ့ ထုတ်ပြန်ချက်တွေမှာ အသိအမှတ်ပြုဖို့ ပျက်ကွက်နေတယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေအဖြစ် ပြောဆိုမှုအပေါ် စိုးရိမ်ကြောင်းနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့်ကိစ္စဖြစ်ကြောင်း စစ်တပ်ခန့်အစိုးရက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်တစ်ခုကို အသုံးပြုဖော်ပြနေတာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးပြုပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေအပေါ် နိုင်ငံရေးအကျိုးအမြတ် ရရှိဖို့ ကြေညာချက်တွေ၊ ထုတ်ပြန်ပြောဆိုချက်တွေ ထုတ်ပြန်နေတာကို လက်မခံနိုင်ဘူးလို့လည်း စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို ငြင်းပယ်ပြီး “ဘင်္ဂါလီ” လို့ ဆက်လက်သုံးနှုန်းနေတာဟာ ရိုဟင်ဂျာတွေရဲ့ လူမျိုးစုအဖြစ် တည်ရှိမှုနဲ့ အခွင့်အရေးတွေကို အသိအမှတ်မပြုတဲ့ သဘောထားကို ပြသနေတယ်လို့လည်း ဆိုပါတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ကြိုးပမ်းနေတာကလည်း နိုင်ငံတကာရဲ့ တာဝန်ခံမှုဆိုင်ရာ ဖိအားတွေကို ရှောင်လွှဲဖို့ ဟန်ပြလုပ်ဆောင်တာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့် ကိစ္စအဖြစ် မထားဘဲ နိုင်ငံတကာပြဿနာအဖြစ် ဆက်လက်ကိုင်တွယ်ဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ အမည်နာမနဲ့ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝ အာမခံပြီး ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရေး ဖော်ဆောင်ပေးဖို့ ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ခုနစ်သိန်းနီးပါး ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
