စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း လူ ၈၀ သေဆုံးဟု AAPP ပြော

ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၁ ဦး ရှိခဲ့ပြီး ဩဂုတ်လမှာတော့ ၈ဝ ဦးအထိ မြင့်တက်လာ။

ဩဂုတ်လတစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၀ အထိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

AAPP စာရင်းတွေအရ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၁ ဦး ရှိခဲ့ပြီး ဩဂုတ်လမှာတော့ ၈ဝ ဦးအထိ မြင့်တက်လာတာကြောင့် နှစ်ဆခွဲလောက် များလာတာဖြစ်ပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ AAPP တာဝန်ရှိသူ ဦးအောင်မျိုးကျော် က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်းမှ တိုက်ခိုက်မှုအပြင် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးစဉ် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိနေပါတယ်။ ဒီဖြစ်စဉ်တွေက စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လုံးဝအသိအမှတ်မပြုဘဲ အခုထက်ပိုတဲ့ ဖိအားပေးမှုတွေဆက်လက် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်”

ဩဂုတ်လအတွင်း လူ ၁၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ် ကျောက်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၆ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ကလည်း မြောင်မြို့နယ် ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ခုနစ်ရက်တရားစခန်း ပြုလုပ်နေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လအတွင်း အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သား ၅ ဦးကနေ ၈ ဦးအထိ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝနဲ့ မင်းတပ်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကျူးလွန်သူတွေ၊ အားပေးကူညီသူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအားလုံးကို ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ပြီး နစ်နာခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ AAPP က တိုက်တွန်းထားပါတယ်။

AAPP က ထုတ်ပြန်ထားတဲ့ ဒီစာရင်းဟာ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး အတည်ပြုနိုင်တဲ့ ဖြစ်စဉ်တွေကိုပဲ ထည့်သွင်းထားတာလို့ ဆိုပါတယ်။ ဒါကြောင့် မြေပြင်မှာ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်တပ်ဘက်ကတော့ စစ်တပ်နဲ့ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က အကြိမ်ကြိမ် ငြင်းဆိုထားဖူးပါတယ်။