ကိုးကန့်ထိန်းချုပ်နယ်မြေကို အထူးဒေသသတ်မှတ်ပေးဖို့ MNDAA တောင်းဆိုဟုဆို

မူလက နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ တစ်ရက်တည်းနဲ့ ပြီးသွားခဲ့ပြီး နှစ်ဖက် ဆက်တွေ့ဖို့ သဘောတူခဲ့ကြဟုဆို။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDDA)က သူတို့ထိန်းချုပ်ထားတဲ့ဒေသကို အထူးဒေသအဖြစ်သတ်မှတ်ပေးဖို့ စစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။

ဆွေးနွေးပွဲကို မူလက နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ တစ်ရက်တည်းနဲ့ ပြီးသွားခဲ့ပြီး နှစ်ဖက် ဆက်တွေ့ဖို့ သဘောတူခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူက ပြောပါတယ်။

“ဆွေးနွေးပွဲမှာ MNDAA ဘက်က အထူးဒေသ ရရှိရေးတောင်းဆိုတယ်။ ဒါပေမဲ့ NSPNC က အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ပဲတုန့်ပြန်တယ်။ ဆွေးနွေးပွဲမှာတော့ တိတိကျကျပြောဆိုကြတာ မရှိကြဘူး။ သူ့သဘောထား၊ ကိုယ့်သဘောထားကို ပြောကြတယ်။ ဆက်ပြီးတွေ့ဆုံဆွေးနွေးဖို့တော့ သဘောတူခဲ့တယ်”

နောက်ထပ် တွေ့ဆုံဆွေးနွေးမယ့်အချိန်ကာလအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ပြောပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ MNDAA ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး (၂) နဲ့ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တာပါ။

စစ်တပ်ခန့်အစိုးရဘက်က ထုတ်ပြန်ချက်မှာတော့ ဦးဖုန်ဝင်းနိုင်က “စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသထူထောင်ရေး” ကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ အမြင်ကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အခွင့်အလမ်းတွေ ရှာဖွေဖို့ကိုလည်း MNDAA ကိုယ်စားလှယ်တွေက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ MNDAA ရဲ့ နိုင်ငံရေးတရားဝင်ရပ်တည်မှုဖြစ်ရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နိုင်ရေး စတဲ့အကြောင်းအရာတွေကို နှစ်ဖက် ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သတ်မှတ်ထားပေမဲ့ “အထူးဒေသ” ဆိုတဲ့ အုပ်ချုပ်ရေးဆိုတာကိုတော့ သီးခြားပြဋ္ဌာန်းထားတာ မရှိပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ဟာ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲနဲ့ ပန်ဆိုင်း အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့ဖြစ်တဲ့ လားရှိုးကိုလည်း MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ သိမ်းယူခဲ့ပေမဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနောက်ပိုင်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်တပ်ဘက်ကို ပြန်လွှဲပေးခဲ့ပါတယ်။

ဒါ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်တစ်ရက်မှာ မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး MNDAA ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး (၂) နဲ့ ပြင်ပဆက်ဆံရေး ဌာနမှူး ဦးဖုန်ဝင်းနိုင်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ သိန္နီ အပါအဝင် နယ်မြေတချို့နဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ MNDAA ကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

နေပြည်တော်ဆွေးနွေးပွဲအတွင်းမှာတော့ ဒီနယ်မြေတွေကိစ္စ ဆွေးနွေးပြောဆိုတာမရှိဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ MNDAA သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။

စစ်တပ်ခန့်အစိုးရက ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် NCA လက်မှတ်မထိုးထားတဲ့ UWSP “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီတို့လို အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ရှိနေပါတယ်။