ရန်ကုန်မြို့ကနေ မိုင် ၁၅၀ ကျော်လောက်ပဲဝေးတဲ့ ဧရာဝတီတိုင်း ချောင်းသာမြို့လေးဟာ မနက်ခင်းစျေးလေးနဲ့အတူ နိုးလာခဲ့ပါတယ်။
ကမ်းခြေက သဲသောင်ပြင်မှာလည်း ဒေသခံတွေရဲ့ မုန့်ဆိုင်လေးတွေဖွင့်ထားပါတယ်။ အဲဒီဆိုင်တွေထဲမှာ ဆန်နှစ်နဲ့လုပ်တဲ့မုန့်တီနဲ့ အသုပ်စုံရောင်းနေတဲ့ “ဖွားလေး”လို့ အများကခေါ်တဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်လှလှရီ ကိုလည်း တွေ့ရပါတယ်။
“မနက်မိုးလင်း ၅ နာရီခွဲ ၆ နာရီဆိုရင် ဈေးထဲရောက်သွားတာပေါ့။ ၇ နာရီခွဲ ၈ နာရီဆို အိမ်ပြန်ရောက်တယ်။ ဆယ်နာရီခွဲဆို ကမ်းခြေကို စဆင်းတယ်။ ည ၆ နာရီခွဲ ၇ နာရီမှ ပြန်တက်တယ်။ ကမ်းခြေမှာပဲ ဈေးရောင်းတယ်”
ဖွားလေး မုန့်တီနဲ့ အသုပ်စုံရောင်းလာတာ နှစ် ၃၀ ကျော်ပြီလို့ပြောပြပါတယ်။
ဆိုင်အတွက်လိုတဲ့ ကုန်ကြမ်းကို ဈေးကနေဝယ်ပြီး မိသားစုနဲ့အတူ ပြင်ဆင်ကြပါတယ်။
ဖွားလေးတို့နေရာဟာ ဧရာဝတီတိုင်းဆိုပေမဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါကာလအလွန် မှာ စစ်ပွဲတွေ တစ်စတစ်စ ပြန့်လာတဲ့အတွက် စစ်ဘေးရှောင်ခဲ့ရသေးတယ်လို့ ပြောပြပါတယ်။
“ကိုဗစ်မှာတစ်ခါပေါ့ စစ်ဘေးရှောင်ရတယ်။ စစ်တော့မဖြစ်ပေမဲ့ ဟိုး... တောထဲကို ပြောင်းသွားလိုက်တဲ့အခါ ကျတော့ ရှိစုမဲ့စုလေးတွေကုန်တယ်ပေါ့။ သိန်း လေးငါးဆယ်လောက်ကုန်သွားတယ်”
သူတို့ စစ်ဘေးရှောင်ရတာ ရှစ်လလောက်ကြာခဲ့ပါတယ်။ အဲဒီကာလအတွင်း ဘဝတစ်သက်လုံး စုဆောင်းထားသမျှငွေတွေ ကုန်သွားခဲ့ပေမဲ့ ဖွားလေးက စိတ်ဓာတ်မကျဘဲ ချောင်းသာကမ်းခြေကို ပြန်လာပြီး ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား ပြန်ပြီးကြိုစားခဲ့ပါတယ်။
စစ်ဘေးရှောင်ပြီးပြန်လာကာစ လွန်ခဲ့တဲ့ လေးနှစ်ကျော် သူ့အသက် ၅၇ နှစ်လောက်က ကျန်းမာရေးချို့ယွင်းခဲ့သေးတယ်လို့ ပြောပြပါတယ်။
“အဖွားကျန်းမာရေး အဲဒီအချိန်က မကောင်းတော့လေ သုံးလလောက်တော့ဖြစ်သွားတယ်။ လမ်းတောင် ထ မလျှောက်နိုင်ဘူး။ ဒီလိုခုံပေါ်ကနေ မ ပြီးတော့လျှောက်ရတယ်။ ဒီလိုတစ်ယောက်တည်းလည်း မလျှောက်နိုင်ဘူး၊ အခုလိုပြန်ကောင်းပြီး လျှောက်နိုင်တာတော့ လေးနှစ်လောက်ရှိပြီ”
သူတို့မှာအိမ်ပိုင်မရှိတဲ့အတွက် လက်ရှိမှာတော့ အစ်ကိုကြီးရဲ့ အိမ်မှာမှီခိုနေကြတာပါ။ အိမ်ထောင်သက် ၄၁ နှစ်ကျော်ပြီဖြစ်တဲ့ သူတို့မှာ အရွယ်ရောက်တဲ့ သားသမီး ၃ ယောက်ရှိပေမဲ့လည်း အခုချိန်မှာ ဘဝကိုအတူ ရင်ဆိုင်ဖြတ်သန်းနေတဲ့သူကတော့ သူ့ရဲ့ခင်ပွန်း အသက် ၆၇ နှစ်အရွယ် ဦးကျော်ဝင်းပါ။
“သူသွားခါနီးကျရင် ကိုယ်က ပစ္စည်းတွေအကုန်၊ ရေတွေရော အမိုးတွေရော ကမ်းနားမှာ လိုအပ်တဲ့ဟာ အကုန်လုံး လှည်းပေါ်တင်ပေးတယ်။ ဟိုရောက်သွားလို့ ပြန်လာယူဖို့ဆိုတာလည်း မလွယ်ဘူးလေ။ အဲဒါကြောင့်မို့လို့ အကုန်စုံအောင် လုပ်ရတယ်။ ဒါပေမဲ့ သူက အကျိုးတော့ရှိပါတယ်။ သူ့ဟာနဲ့သူလေ”
ဒီမုန့်တီသုပ်ဆိုင်လေးက သူတို့ဇနီးမောင်နှံစားဝတ်နေရေးအတွက် အဆင်ပြေခဲ့ပါတယ်။
“အခုလုပ်လာတာဆို နှစ် ၃၀ ကျော်ပြီပေါ့။ ရောင်းသက်ကတော့ မနည်းဘူးပေါ့။ ဧည့်သည် တော်တော်များများနဲ့လည်း သိတယ်။ ‘ဖွားလေး’ ဆိုရင် မသိတဲ့လူ သိပ်မရှိသလိုပဲ။ ကမ်းခြေမှာ အဲလောက်ထိ ရောင်းခဲ့တာ။ ဧည့်သည်ကိုလည်း ဈေးပိုမရောင်းဘူး။ မတရားကြီးတော့ လိုလိုအပ်အပ်မရှိပါဘူး။ ချမ်းတော့မချမ်းသာပေမဲ့ စားလို့သောက်လို့တော့ ရပါတယ်”
ချောင်းသာကမ်းခြေကို မိသားစုနဲ့အလည်လာတဲ့ မကေဇာက ဒီနေရာရောက်တိုင်း အဖွားလေးရဲ့ မုန့်တီနဲ့ အသုပ် ကို မဖြစ်မနေအားပေးတယ်လို့ ပြောပါတယ်။
“အရင်ကလည်း ချောင်းသာလာဖြစ်ရင် စားဖြစ်တယ်။ အရသာလေးလည်း ကောင်းတယ်။ သပ်သပ်ရပ်ရပ် လေးနဲ့လေ။ စားလို့လည်း အဆင်ပြေတယ်ပေါ့။ အပြောင်းအလဲလေးလည်း ဖြစ်တာပေါ့။ ပင်လယ်စာချည်းပဲ လည်း မဟုတ်ဘဲနဲ့လေ။ ရေပြောင်းမြေပြောင်း ဒေသပြောင်းပြီးလာတဲ့ အချိန်ကျတော့ သန့်သန့် ရှင်းရှင်းလေး ဆိုတော့ ခလေးတွေ ကျွေးတာ စိတ်ချရတာပေါ့၊ အရသာလည်း ကောင်းပါတယ်”
ဖွားလေးတို့ ဇနီးမောင်နှံဟာ စစ်ဘေးဒဏ်ကြောင့် စုဆောင်းငွေတွေကုန်ဆုံးခဲ့ရဖူးပေမဲ့ စိတ်ဓာတ်မကျဘဲ ဘဝကို သမာအာဇီဝကျကျဆက်လက်ရုန်းကန်နေဆဲ ဖြစ်ပါတယ်။
