ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ် မှုကြောင့် ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ စက်လှေ ၂၃ စီး နစ်မြုပ်သွားခဲ့ပြီး လှေနဲ့ ငါးဖမ်းသူ လေးဦးလည်း ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နစ်မြုပ်သွားတဲ့ စက်လှေတွေဟာ မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာက ရှစ်စီး၊ ပြင်ဝန်း ကျေးရွာက ခုနစ်စီးနဲ့ ငပသုန်ကျေးရွာက ရှစ်စီး ဖြစ်ပြီး ပျောက်ဆုံးနေသူတွေကတော့ ပြင်ဝန်းကျေးရွာက စက်လှေပိုင်ရှင် ဦးစိုးကိုလှိုင်၊ အလုပ်သမား ဦးနန္ဒ၊ ဦးဇော်ဝင်းထွန်းနဲ့၊ ကိုမောင်မောင်ချေတို့ ဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာမတွေ့ကြသေးသလို နစ်မြုပ်သွားတဲ့ စက်လှေတွေကိုလည်း ပြန်မဆယ်ယူနိုင်သေးဘူးလို့ စက်လှေနစ်မြုပ်ပြီး အသက်ဘေးက လွတ်မြောက်လာတဲ့ ပြင်ဝန်းကျေးရွာက စက်လှေပိုင်ရှင် ဦးလှမောင်သန်းက RFA ကို ပြောပါတယ်။
“သူတို့ကို မနေ့ကလည်း ပင်လယ်ပြင်မှာ လိုက်ပြီးရှာတယ်။ ဒီနေ့လည်း ရှာတယ်။ အစအန မတွေ့ဘူး။ သူတို့ စက်လှေတွေကိုပဲ တွေ့တယ်။ စက်လှေတွေကတော့ ရေစီးကြောင်းအတိုင်း မျောပါနေတယ်”
ပျောက်ဆုံးနေသူ လေးဦးထဲက ဦးစိုးကိုလှိုင်၊ အလုပ်သမား ဦးနန္ဒ၊ ဦးဇော်ဝင်းထွန်းတို့ သုံးဦးဟာ အခြားစက်လှေတစ်စီးတည်းမှာ ငါးဖမ်းနေကြတာဖြစ်ပြီး ကိုမောင်မောင်ချေ ကတော့ ဦးလှမောင်သန်းရဲ့ စက်လှေမှာ ငါးဖမ်းရင်း လှိုင်းနဲ့အတူ မျောပါသွားတာလို့လည်း သူက ဆက်ပြောပါတယ်။
“ကျနော်တို့ ငါးဖမ်းနေတုန်းမှာပဲ မိုးရွာ၊ လေကြမ်းတွေ တိုက်တယ်။ လှိုင်းလုံးကြီးလာ ရိုက်လို့ ကျနော့် စက်လှေမှောက်သွားတယ်။ အလုပ်သမား သုံးယောက်ပါတယ်။ နှစ်ယောက်ကတော့ ရေခဲဘူးနဲ့ အတူလိုက်ပါသွားတယ်။ ကျနော်တို့ နှစ်ယောက်ပဲ စက်လှေကျောကုန်းမှာ ကြိုးကိုဆွဲပြီး ကျန်ခဲ့တာ။ လှိုင်းလာရိုက်ရင် ကျနော်တို့ မြုပ် တယ်၊ ပြန်ပေါ်တယ်။ သူက လှေဦးမှာ၊ ကျနော်က အလယ်မှာ။ တစ်နာရီလောက်ကြာ တော့ မခံနိုင်တော့ဘူး။ အဲဒီလို ခံနေရင်းနဲ့ သူကြိုးကိုလက်လွတ်ပြီး မျောပါသွားတယ်။ ကျနော်ကတော့ သုံးနာရီလောက်ကြာအောင် နေခဲ့ရတယ်။ ပြီးတော့မှ စက်လှေတစ်စီးက လာကယ်လို့ အသက်ရှင်ခွင့်ရတာ။ ရေခဲဘူးနဲ့ ပါသွားတဲ့ နှစ်ယောက်ကိုလည်း လှေတစ်စီးက တွေ့လို့ ကယ်ခဲ့တယ်”
ငါးဖမ်းလှေတွေဟာ ကမ်းခြေနဲ့ ၁၈ မိုင်လောက်အကွာ ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းခဲ့ကြတာဖြစ်ပြီး အဲဒီနေ့က မိုးလေဝသအခြေအနေတွေကိုလည်း မသိခဲ့ရသလို အစောပိုင်း မှာ ရာသီဥတုကလည်း သာယာနေတာကြောင့် ငါးဖမ်းထွက်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ နစ်မြုပ်သွားတဲ့ စက်လှေ ၂၃ စီးက ငါးဖမ်းသမားတွေကတော့ အသက်ဘေးက ပြန်လွတ်မြောက်ခဲ့ကြပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မတ်လ ၂၁ ရက်နေ့ မနက် ၇ နာရီက ရခိုင်ပြည်နယ်မှာ နေရာစိပ်စပ် မိုးရွာသွန်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့်ပေ ငါးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။