ကချင်ပြည်နယ် မိုးမောက်မှာ အမျိုးသား သုံးဦး သတ်ဖြတ်ခံရ
2023.09.01

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အူထန်ယန်ရွာမှာ ဩဂုတ် ၃၀ ရက်နေ့က လူငယ်နှစ်ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး၊ နောက်တစ်ဦးကတော့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရစဉ် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၃၀ ရက်နေ့က အင်အား ၂၅၀ ကျော် ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မိုးမောက်မြို့နယ် အူထန်ယန်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နောက် ရွာသား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အဲဒီနောက် ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့ဘက်ကို ချီတက်ရာ လမ်းကြောင်း တစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ရှင်းလင်းစဉ် အဖမ်းခံရသူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးချစ်မင်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကျတော့ လူငယ်တွေက ဝပ်နေကြတာ။ သူ (ဦးချစ်မင်း) က မဝပ်နိုင်တော့ ထိသွားတယ်။ ၃၁ ရက် မနက်ကျမှ သူ့အလောင်းကို ပြန်ရှာတွေ့ခဲ့တယ်"
ဩဂုတ် ၃၀ ရက်နေ့က အဖမ်းခံရတဲ့ ကျန် ကိုးဦးကတော့ အဲဒီနေ့ညနေပိုင်းမှာပဲ ပြန်လွတ်လာတယ်လို့ သူက ပြောပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ကပဲ ဗန်ကောင်းမုံရွာကနေ အူထန်ယန်ရွာကို ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးလည်း လမ်းခုလတ်မှာ စစ်ကြောင်းနဲ့ တည့်တည့်တိုးတာကြောင့် အဖမ်းခံရပြီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံခဲ့ရတယ်လို့ မိုးမောက်မြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကြောင်းက အူထယ်ယန်ကို ဝင်နေတဲ့အချိန် ဗန်ကောင်းမုံက ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းပြီးတော့ စစ်ဆေးတယ်။ တစ်ယောက်ကို လက်နောက်ပြန် ကြိုးတုပ်ပြီး နေရာမှာတင် သတ်ခဲ့တာ။ ကျန်တဲ့ တစ်ယောက်ကိုတော့ ဒေါ့ဖုန်းယန် ရင်ခွဲတောင် အမှိုက်သွန်တဲ့နေရာမှာ သတ်ခဲ့တာ။ ဦးချစ်မင်း ကကျတော့ သူအပါအဝင် ၁၀ ဦးကို စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းခေါ်သွားရာကနေ လက်နက်ကြီးထိပြီး ဆုံးတာ"
ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စက်တင်ဘာလ ၁ ရက် မနက် ၈ နာရီကျော်မှာတော့ မိုးမောက်မြို့နယ် တာပိန်ကြိုးတံတား အနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အူထန်ယန် အပါအဝင် အနီးအနား ကျေးရွာက လူဦးရေ ၁၀၀ ခန့် ခရစ်ယာန် ဘုရားကျောင်းနဲ့ ဘေးလွတ်ရာ နေရာအချို့မှာ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ကချင်ပြည်နယ် အခြေစိုက် The 74 Media က ဖော်ပြထားပါတယ်။