KNU နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲသုံးရာနီးပါးဖြစ်ပွား

ကရင် အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တို့ ဖေဖော်ဝါရီ တစ်လအတွင်းမှာ တိုက်ပွဲပေါင်း ၂၉၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက မတ်လ ၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းဘက်က ၃၀၅ ယောက် သေဆုံးခဲ့ပြီး ၂၀၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုထားသလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေး တပ် (KNDO) တို့ဘက်က ခြောက်ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီထိခိုက်သေ‌ဆုံးမှုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ ယခင်က KNU ရဲ့ ထုတ်ပြန်ချက်တွေကိုတော့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တို့ဟာ ဖေဖော်ဝါရီ တစ်လအတွင်း လက်နက်ကြီး အလုံး ၄၀၀ ကျော်၊ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ခုနှစ်ယောက် သေဆုံးခဲ့ ပြီး ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ‌တပ်တွေဟာ ကရင် ပြည်နယ်ထဲမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ ခုနှစ်သောင်းကျော် ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။