စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုက နေအိမ် ၄၅ လုံး တစ်ရက်အတွင်း မီးရှို့ခံရ

မေလ ၆ ရက် မနေ့က တန့်ဆည်မြို့နယ်၊ ကံလေးကုန်းရွာက အိမ် ၃၃ လုံး၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာက အိမ် ခုနစ်လုံးနဲ့ ခင်ဦးမြို့နယ် တဲစုရွာက အိမ် ငါးလုံးတို့ဟာ စစ်ကောင်စီတပ် တွေရဲ့ လက်ချက်ကြောင့် မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်၊ သေဆုံးသူတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"ဘုန်းကြီးကျောင်းထဲက မိန်းမ ခုနစ်ယောက်လောက်ကို ခေါ်လာပြီး ဒူးထောက်ပြီး အိမ်မီးရှို့တာကို ကြည့်ခိုင်းတာဗျ"

ကံလေးကုန်းရွာက အိမ်တွေကို မီးရှို့ခဲ့သလို အနီးနားက လက်ဆည်ရွာနဲ့ အင်တောရိုးရွာတို့ ကိုလည်း မီးရှို့ခဲ့တယ်လို့ တန့်ဆည်ဒေသခံတစ်ဦး က ပြောပါတယ်။

“မနေ့က ကံလေးကုန်းရွာကို မီးရှို့တယ်။ နေအိမ် ၃၃ လုံးလောင်တယ်။ နောက်ပြီးတော့ ကံလေးကုန်းရွာက ကောင်တွေက လက်ဆည်ရွာကို မီးရှို့ပြီးတော့ လက်ဆည်ရွာ မရောက်ခင်မှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရွာပတ်ပတ်လည်ကို ရမ်းပစ်တော့ တခြားရွာတွေကို ကျတယ်။ လူတော့ထိခိုက်မှု မရှိဘူး။ အဲဒါပြီးတော့ ညနေပိုင်းမှာ လက်ဆည်ရွာကိုပါ မီးရှို့တယ်။ ဒီနေ့မနက်မှာလည်း အင်တောရိုးရွာကို မီးရှို့တယ်”

လက်ဆည်ရွာနဲ့ အင်တောရိုးရွာတို့က မီးလောင်ကျွမ်းခဲ့တဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တန့်ဆည်မြို့နယ်က ကြက်ဆူကန်ကျေးရွာကို ဆက်လက်ဝင်ရောက် ခဲ့ပြီး အဲဒီရွာကအထွက်မှာတော့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

လတ်တလောမှာ ခုလိုတိုက်ပွဲဖြစ်တာ အိမ်တွေမီးရှို့ခံရတာတွေကြောင့် ပတ်ဝန်းကျင် ရွာပေါင်း ၁ဝ ရွာက ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်ဒေသခံက ပြောပါတယ်။

မြောင်မြို့နယ်က မြစ်ဆုံရွာကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျုစောထီးတို့ပါဝင်တဲ့ အင်အား ၉ဝ ခန့် မနေ့က ဝင်ရောက်ခဲ့ပြီး PDF အဖွဲ့ဝင်ရဲ့အိမ်အပါအဝင် နေအိမ် ခုနစ် လုံးကို မီးရှို့သွားတယ်လို့ မြောင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“မြစ်ဆုံမှာ စစ်ကြောင်းထိုးမယ်လို့ သတင်းရကာရှိသေးတယ်။ ကျွန်တော်က သံချောင်း မွှေပြီးတော့ ရွာသူရွာသားတွေကို ရွာအပြင်ထုတ်လိုက်တာဗျ။ လူတွေက စကစ ကို ကြောက်တော့ မနေရဲကြဘူးဗျ။ အကုန်ထွက်ရတာ။ သက်ကြီးရွယ်အို မပြေးနိုင်မလွှား နိုင်တဲ့သူတွေလောက်ဘဲ ဘုန်းကြီးကျောင်းတွေထဲဝင်ပြီး ခိုအောင်းနေရတာ။ အိမ် မီးရှို့တော့ ဘုန်းကြီးကျောင်းထဲက မိန်းမ ခုနစ်ယောက်လောက်ကို ခေါ်လာပြီး ဒူး ထောက်ပြီး အိမ်မီးရှို့တာကို ကြည့်ခိုင်းတာဗျ”

မြစ်ဆုံရွာခံတွေကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ရင် မီးရှို့မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့တယ် ဆိုပါတယ်။

မနေ့က မနက်ပိုင်းကလည်း ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဟာ အနီးနားက တဲစုရွာကို ဝင်ရောက်ခဲ့ပြီးနောက် အိမ် ငါးလုံးမီးလောင်ကျွမ်းခဲ့ရ တယ်လို့ ခင်ဦးဒေသခံက RFA ကို ပြောပါတယ်။

“အသေအပျောက်ကတော့ အခုလောလောဆယ် သူတို့ဝင်တဲ့ အနေအထားနဲ့ မရှိသေး ဘူးဗျ။ သူတို့ မီးရှို့ပြီးတော့ ပြန်ထွက်သွားတယ်။ လှမ်းသတင်းထောက်ကြည့်တာတော့ လူနေအိမ် ငါးလုံး၊ ကျန်တဲ့ လမ်းဘေးဝဲယာဆိုင်တွေရှာဖွေပြီး ယူငင်သွားတာကများ တယ်။ ဗီရိုတွေ ဘာတွေဖွင့်ပြီး ပစ္စည်းပစ္စယ တွေ့တာတွေယူတယ်။ ပျဉ်ထောင်ရွာထဲက ထွက်လာပြီး ပတ်ဝန်းကျင်ရွာတွေ မီးရှို့တာမျိုး၊ ရိက္ခာတွေကို ဝင်လုတာမျိုးတော့ အမြဲ လုပ်တယ်ဗျ။ လုပ်ပြီးပြန်ဆုတ်သွားတယ်”

စစ်ကောင်စီတပ်နဲ့အတူ ပျုစောထီးလို့ နာမည်ပေးထားတဲ့ လက်နက်ကိုင်လူတွေလည်း ပါဝင်ပြီး ခင်ဦး ဒေသက ပျဉ်ထောင်ရွာ၊ မဒေါင်းလှရွာ၊ မကျည်းတုံရွာ၊ ရွာသစ်ကုန်းရွာတို့မှာ အဓိက နေထိုင်ကြတယ်လို့ သူက ပြောပြပါတယ်။

myintsone-village-fire.jpg
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မြစ်ဆုံရွာ မီးလောင်သည်အား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

တဲစုရွာဟာ အိမ်ခြေ ၅ဝဝ နီးပါးရှိတဲ့ ရွာတစ်ရွာဖြစ်သလို ရွာခံတွေကတော့ ဒီမတိုင်ခင်ကပဲ တောတောင်ထဲနဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေဆီကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါ တယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်က ထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရပါဘူး။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဧပြီ ၃ဝ ရက်နေ့အထိ အိမ်ပေါင်း တစ်သောင်း နှစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ နေအိမ် ၇၅ဝဝ ကျော် မီးရှို့ခံထားရတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က မေလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နေအိမ် မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂ဝ၂၂ ဧပြီလအတွင်း အများဆုံးဖြစ်ခဲ့ရပြီး ဖေဖော်ဝါရီ လမှာတော့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့ Data For Myanmar က ဆိုထားပါတယ်။