တရုတ်နိုင်ငံ ယူနန်ပြည်နယ် မုံရှိန်မြို့နားက ကြံစိုက်ခင်းတစ်ခုမှာ ၄ ရက်ကြာအောင် အစာရေစာ ဖြတ်တောက်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၄၅ ယောက်ဟာ ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
အဲဒီအလုပ်သမားတွေရဲ့ တရုတ်နိုင်ငံသားအလုပ်ရှင်တွေကို တရားစွဲ အမှုဖွင့်ပေးဖို့ တရုတ်နိုင်ငံ ရဲအရာရှိတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး ညပိုင်းမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ကို ရောက်ရှိလာတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုရဲအောင် က ပြောပါတယ်။
ဒီအလုပ်သမားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ကဖြစ်ကြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံက ကြံစိုက်ခင်းတွေမှာ အလုပ်လုပ်ဖို့အတွက် ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။
နေထိုင်စားသောက်ရတာ အခက်အခဲတွေရှိလာတာကြောင့် မြန်မာနိုင်ငံကိုပြန်ဖို့ ကြိုးစားတဲ့အတွက် တရုတ်အလုပ်ရှင်က ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး အစားအသောက်တွေ မပေးတော့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။