တွံတေးမှာ ဧည့်စာရင်းအကြောင်းပြချက်နဲ့ ကျောင်းသား ငါးဦး အဖမ်းခံရ

ရန်ကုန်တိုင်း တွံတေးမြို့နယ် အိုးဖိုအရှေ့ရပ်ကွက်မှာ မေလ ၁၁ ရက် မနေ့ည ၁၁ နာရီကျော် အချိန်လောက်မှာ စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ တက္ကသိုလ်ကျောင်းသား ငါးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောင်းသားငါးဦးဟာ ဧည့်စာရင်းမတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဧည့်စာရင်း မတိုင်ထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်တွေထဲက ဟိုအိမ်က တစ်ယောက်၊ ဒီအိမ်က တစ်ယောက်နဲ့ ငါးယောက် ဖမ်းသွားတာပါ။ ဧည့်စာရင်း လာစစ်တာက ည ၁၁ နာရီ မိနစ် ၄၀ မှာ ထွေအုပ်၊ ရဲ၊ စစ်သားတွေပါတယ်။ အင်အား ဘယ်လောက်များသလဲဆိုတာတော့ ကျနော်တို့ ထွက်မကြည့်ရဲလို့ မသိပါဘူး"

အဖမ်းခံရတဲ့ ကျောင်းသားတွေဟာ အိုးဖိုရပ်ကွက် ရေလယ် (၁) လမ်း၊ (၂) လမ်းနဲ့ (၃) လမ်းတွေမှာ နေထိုင်သူတွေ ဖြစ်ပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။

တွံတေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေရှိသလို စစ်ကောင်စီတပ်ကလည်း ညတိုင်းဧည့်စာရင်းစစ်တာတွေ၊ လမ်းမတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွံတေးမြို့နယ်မှာ ကျေးရွာအုပ်စု ၆၅ ခုနဲ့ ကျေးရွာပေါင်း ၂၂၀၊ မြို့ပေါ်ရပ်ကွက် ရှစ်ခု ရှိပါတယ်။