၂၀၂၂ ခုနှစ် မတ်လ ပထမပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အလုံးပေါင်း ခြောက်ရာနီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ နေအိမ်အလုံးပေါင်း ၂၇၀ ကျော်နဲ့ မကွေးတိုင်းထဲမှာ ၂၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခု ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ကာလအတွင်းမှာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၆၇၁၉ လုံးရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းက နေရာ ၁၈၆ နေရာမှာ မီးရှို့ခံခဲ့ရတာဖြစ်ပြီး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတော်တော်များများမှာ စစ်တပ်က ရွာတွေကိုမီးရှို့နေတာကို ဒေသခံတွေက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က မီးရှို့တာ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။