ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ စီးပွားရေးသမား ရိုဟင်ဂျာမွတ်စလင် ငါးဦးကို မေလ ၃ ရက်နေ့ညက စစ်တွေမြို့မှာရှိတဲ့ အမှတ် ၃၅၄ တပ်ရင်းက ဖမ်းဆီးသွားပြီး မေလ ၄ ရက်နေ့ညက ၃ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတချို့က RFA ကို ပြောပါတယ်။
မေလ ၅ ရက်နေ့ည ၉ နာရီဝန်းကျင်မှာ ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလှကလွဲပြီး ကျန်တဲ့ ၇ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“တစ်ယောက်ပဲကျန်တယ်။ ၈ ယောက်ထဲမှာ ဦးစိုးလှတစ်ယောက်ပဲ ကျန်တယ်၊ ကျန်တဲ့လူတွေ လွတ်လာပြီလို့ ပြောတယ်။”
ဦးစိုးလှကို ဘာကြောင့်မလွှတ်ပေးလဲဆိုတာတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တွေမြို့နယ် သက္ကေပြင်ရွာက ဦးလှမြင့်နဲ့ ဦးကျော်နု၊ ဘောဒူဖကျေးရွာက ဦးနုရ်ဟူစိန်၊ ဒါးပိုင်ရွာက ဆော်လီ၊ ဘုမေရွာက ဦးမောင်ဘတို့ကို မေလ ၃ ရက်နေ့ညက ဖမ်းခေါ်သွားတာဖြစ်ပြီး ၄ ရက်နေ့ညကတော့ ခတင်ပိုင်ကျေးရွာက ဂျွန်ဘု၊ ဘောဒူဖရွာအုပ်ချုပ်ရေးမှူး ဦးစိုးလှနဲ့ သူ့ရဲ့လက်ထောက်တစ်ဦးတို့ အဖမ်းခံခဲ့ရတာပါ။
အဖမ်းခံရသူတွေက AA ကို အခွန်ဆောင်တယ်ဆိုပြီး သံသယနဲ့ အဖမ်းခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို မေလ ၅ ရက်နေ့က ပြောထားပါတယ်။
“ည ၈ နာရီလောက်မှာ စစ်သားတွေရောက်လာတယ်။ ဒီလူ၊ ဒီလူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး ခေါ်တယ်။ ရိုးရိုးသားသားခေါ်တာထင်ပြီး လိုက်သွားကြတာ။ ပြီးတော့မှ AA ကို အခွန်ဆောင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းတာ လို့ သိရတယ်။ အခုအချိန်အထိ သူတို့နဲ့ အဆက်အသွယ်မရဘူး။ ကျနော်တို့က ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေကြတာပါ”
ဖမ်းဆီးခံခဲ့ရသူတွေနဲ့ နီးစပ်သူ တစ်ဦးကတော့ အဖမ်းခံခဲ့ရသူတွေက AA ကို ကိုယ့်သဘောဆန္ဒအရ အခွန်ဆောင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
“၃ ရက်နေ့ညက ငါးယောက် ခေါ်သွားတယ်၊ ၄ ရက်နေ့ညက ၃ ယောက် ခေါ်သွားတယ်။ သူတို့ကို ၃၅၄ တပ်ရင်းက ခေါ်သွားတာပါ။ သူတို့ကို AA ကလည်း အခွန်ဆိုပြီး တောင်းတယ်။ ထောက်ပံ့တယ် ဆိုတာထက် ဒီလူတွေက ပေးရတာပေါ့။ သူတို့ရဲ့သဘောအရ ပေးတာတော့ မဟုတ်ပါဘူး။ AA ကို ထောက်ပံ့တယ်ဆိုတာက ပေးချင်လို့ ပေးတာ မဟုတ်ပါဘူး။”
အဖမ်းခံခဲ့ရသူတွေက ဈေးစည်ပင်အခွန်လိုင်စင်၊ သားသတ်လိုင်စင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းလိုင်စင် ရထားသူတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလူတွေကို ဖမ်းထားတာ မှန်ပေမယ့် AA ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘူးလို့ မေလ ၅ ရက်နေ့က ပြောပါတယ်။
“ဖမ်းဆီးတယ်ဆိုတာလည်း စစ်ဆေးဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်။ ဒီလူတွေက စီးပွားရေးလုပ်ငန်းရှင်တွေလည်း မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီ့ပြင် ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။”
ပြန်လွတ်လာသူတွေနဲ့ RFA က တိုက်ရိုက်အဆက်အသွယ်မရသေးတဲ့အတွက် ဘာတွေစစ်ဆေး မေးမြန်းခံခဲ့ရတယ်ဆိုတာ မသိရသေးပါဘူး။ ပြန်လွတ်လာသူတစ်ဦးနဲ့ အဆက်အသွယ်ရထားတဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အကြံပေး ဦးအောင်ကျော်မိုးက သူတို့ ထိန်းသိမ်းခံထားရစဉ်မှာ နိုင်ငံရေးနဲ့ပတ်သက်မှုရှိမရှိ စစ်ဆေးမေးမြန်းခံခဲ့ရတာလို့ ဆိုပါတယ်။
ဒီလို အဖမ်းခံရတဲ့အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနဆီ မေလ ၃ ရက်နေ့ညကတည်းက သတင်းအချက်အလက်ပေးပို့လာသူတွေရှိတယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အကြံပေး ဦးအောင်ကျော်မိုးက ဒီလိုကိစ္စတွေကိုနိုင်ငံတကာက သိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“အရင်တုန်းကလည်း တချို့မြို့နယ်တွေမှာ သွားပြီးဖိအားပေးတာတို့ AA နဲ့ မဆက်သွယ်ဖို့၊ ဆက်သွယ်ရင် ဖမ်းဆီးမယ်တို့ဘာတို့ ခြိမ်းခြောက်တာတွေရှိတာပေါ့။ အခုကျတော့ တပြိုင်တည်းဖမ်းတယ်ဆိုတာ စဉ်းစားစရာပေါ့။ ဒီကိစ္စကို ကျွန်တော်တို့ဘက်က ဆွေးနွေးပြီးတော့ နိုင်ငံတကာကို advocacy လုပ်တာတို့ တရားမျှတမှု ဖော်ဆောင်ပေးဖို့တို့ ဆက်လုပ်သွားမယ်။ မြေပြင်မှာ ရိုဟင်ဂျာတွေ လက်ရှိအခြေအနေက အရမ်းကိုဆိုးဝါးနေတယ်။”
စစ်ကောင်စီက မွတ်စလင်ကျေးရွာတွေကို ညအချိန်တွေမှာ ဝင်ရောက်ရှာဖွေနေကြတာကြောင့် အခုလက်ရှိမှာ လုပ်ငန်းရှင်တစ်ရာခန့် ထွက်ပြေးနေကြရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာယကံရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုသူတို့ ကျွန်တော်တို့ကိုလိုက်ပြီး ရှာနေတယ်။ သူတို့က ညအချိန်မှာပဲ ဝင်ရှာကြတာ။ အခု ကျနော်လည်း ထွက်ပြေးနေရတယ်။ ကျနော့်လိုပဲ တခြား လုပ်ငန်းရှင်တစ်ရာကျော်လောက်ကလည်း ထွက်ပြေးနေကြရတယ်။ ကျနော်တို့က ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့ ဥပဒေအတိုင်း နေထိုင်တာပါ။ AA နဲ့ ဆက်စပ်တာလည်းမရှိဘူး။ အဲဒါကို အခုလိုလိုက်ပြီး ဖမ်းနေတာက မတရားပါဘူး”
စစ်တွေမြို့နယ်မှာ ရိုဟင်ဂျာ စီးပွားရေးသမားတွေဆီကနေ AA က အခွန်တောင်းတာမျိုး အရင်က မရှိပေမယ့် အခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခွန်တောင်းတာတွေ ရှိလာတယ်လို့ ဒေသခံရိုဟင်ဂျာတချို့က ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ကို RFA က ဆက်သွယ်ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။