7 Day သတင်းစာကိစ္စ ညှိနှိုင်းနေဆဲ

2016-06-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဇွန်လ ၂၈ ရက်ထုတ် 7 Day နေ့စဉ်သတင်းစာကို တွေ့ရစဉ်
ဇွန်လ ၂၈ ရက်ထုတ် 7 Day နေ့စဉ်သတင်းစာကို တွေ့ရစဉ်
Photo: 7Day News Journal

7 Day နေ့စဉ်သတင်းစာကို တပ်မတော်က တရားစွဲဆိုထားရာကနေ ကျေအေးပေးခြင်းမရှိသေးဘဲ နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုဟာ ပြေလည်တဲ့အဆင့်ထိ မရောက်သေးပေမယ့် ပြေလည်နိုင်မယ့် အလားအလာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

"ပြေလည်တယ်ဆိုတဲ့ စကားကတော့ မဟုတ်သေးဘူးဗျ၊ ကျနော်တို့က  ကာယကံရှင်နဲ့  တစ်ဘက်က တရားစွဲဆိုတဲ့ဘက်ကို မျက်နှာချင်းဆိုင်ပြီး  အရင်ဆွေးနွေးကြပါ၊ ဆွေးနွေးပြီးမှ ဆုံးဖြတ်ပါပေါ့နော်၊  အလားအလာတော့ကောင်းပါတယ်၊ ကျနော်တို့နှစ်ဖက်လုံးကိုတော့  သေချာပြောပြထားတာပေါ့ဗျာ၊ ပြေ လည်အောင်ဖြေရှင်းပေးဖို့ပေါ့"

7 Day နေ့စဉ်သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က ဖော်ပြခဲ့တဲ့ " စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း "ခေါင်းစဉ်ပါ သတင်းကို ဘယ်လိုရည်ရွယ် ချက်မှ မပါဘဲ ရိုးရိုသားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ 7 Day နေ့စဉ်သတင်းစာက ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

7 Day နေ့စဉ်သတင်းစာဘက်ကတော့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိမှု မထားရန်နဲ့ တာဝန် ဝတ္တရားတွေကို မဆောင်ရွက်နိုင်ရန် သွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ နားလည်မှု လွဲမှားခဲ့တာ သာဖြစ်ကြောင်း သတင်းရေးသားရာမှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ရိုးရိုး သားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီသတင်းကြောင့် တပ်မတော်က 7 Day နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ သတင်းထောက် ကိုမင်းဟိန်းကျော်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ တပ်မတော်ဘက်က မနေ့ညက ညှိနှိုင်းမှုဟာ ပြေလည်တဲ့ အဆင့်ကို မရောက်သေးဘဲ တပ်မတော်က အမှုဖွင့်ထားတဲ့ ကမာရွတ်ရဲစခန်းကလည်း အမှုကိုရုပ်သိမ်းကြောင်း အကြောင်းကြားတာမရှိသေးကြောင်း 7 Day သတင်းစာတာဝန်ရှိသူတွေက ပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

" စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း " တယ် ဆိုတာ လက်ရှိတပ်က လူတွေ ကိုတိုက်တွန်းတာမှ မဟုတ်တာ။ ကိုယ့်ဟာကိုယ် မလုံတာတော့ ကိုယ့်ဟာကိုယ် ပြင်ပေါ့။ အမှုရင်ဆိုင်ရင်လဲ သူတို့ပဲ နိုင်မှာပဲ။ အဲဒီလို နိုင်အောင် ပြည်ထဲရေးဝန်ကြီးကို တပ်ကလူထားပြီး သူ့အောက်မှာ ရဲရော အုပ်ချုပ်ရေးရော တရားရေးရော ထား ထားပြီးသားလေ။ သို့သော် သူတို့နိုင်ချင်နိုင်မယ် ဒါပေမဲ့ တပ်ရဲ့ဂုဏ်သက္ခာ ဟာ တသက်လုံး မြင့်လာမှာ မဟုတ်ဘူး။ မတရား အနိုင်ကျင့်တဲ့ နာမည်ဆိုးပဲ ကျန်ခဲ့မယ်။

Jun 28, 2016 08:43 PM

ဆိုက်တခုလုံးသို့