စစ်ဘေးရှောင်စခန်းတွေဆီ ၈၈ ခေါင်းဆောင်တွေ သွားရောက်

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ မြိုနဲ့ ခမီတိုင်းရင်း သားတွေဖြစ်ကြပြီး ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြောကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးဂျင်မီ က ဒီနေ့ ပြောပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီ တို့ ဦးဆောင်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို မနေ့ကနဲ့ ဒီကနေ့မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

မနေ့က ကျောက်တော်မှာရှိတဲ့ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၁ ထောင်ကျော်၊ တောင်မင်းကုလားမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော်အတွက် စောင်အထည် တစ်ထောင်နဲ့ အခြားလိုအပ် တာတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာ စစ်ဘေးဒုက္ခသည် မိသားစု ၁၀၀ နီးပါးရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်စစ်ဘေးရှောင်စခန်းကို သွားရောက်ကာ အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဆန်နဲ့ စားနပ်ရိက္ခာကို အစိုးရနဲ့ ရခိုင်အရပ်ဘက်အဖွဲ့တွေက ကူညီပေးနေပြီး လတ်တလော တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုတော့ တပ်မတော်က သွားရောက်ခွင့် မပေးထားဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။