ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်ကို ကန့်ကွက်သူတွေ ရှိနေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်ရယူဖို့ တင်ပြထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်နဲ့ ကန့်ကွက်သူတွေရဲ့ မှတ်ချက်တွေအပေါ် ပြန်လည်ဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။
"ကန့်ကွက်ထားပါတယ်၊ အမည်ကို ကန့်ကွက်ထားပါတယ်၊ တော်တော်များများ လက်မှတ်ထိုးပြီး ကန့်ကွက်ထား ပါတယ်၊ ပြည်ထဲရေးလည်း သဘောထားမှတ်ချက်တောင်းထားတယ်လေ၊ သဘောထားမှတ်ချက်ပြန်လာလို့ရှိရင် အဲသဘောထားမှတ်ချက်နဲ့ ဒီကန့်ကွက်ချက်နဲ့ အချက်အလက်တွေ စုပေါင်းပြီးတော့ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြမှာ"
ဒါနဲ့ပတ်သက်ပြီး ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က အခုလိုပြောပါတယ်။
"ကျနော်တို့ကို ရွေးကောက်ပွဲကော်မရှင်က ပုံစံ ခ နဲ့ ထူထောင်ခွင့်ပြုပြီးဖြစ်တဲ့အတွက် ပါတီရဲ့ အလံတို့ အမှတ် တံဆိပ်တို့နဲ့ ပတ်သက်ရင် ကျန်သော နိုင်ငံရေးပါတီတွေက သူတို့နာမည်နဲ့ ဆင်တူရိုးမှားဖြစ်ပါတယ်။ သူတို့ အလံအမှတ်တံဆိပ်နဲ့ ဆင်တူရိုးမှားရှိပါတယ်ဆိုခဲ့ရင် ကန့်ကွက်လို့ရတယ်။ တခြားပုဂ္ဂိုလ် အဖွ့ဲအစည်းက တခြားအကြောင်းအရာနဲ့ ကန့်ကွက်လို့မရဘူး၊ ကျနော်တို့ ဥပဒေအပေါ်နားလည်ချက်ပေါ့။ ဘာအကြောင်းအရာနဲ့ ကန့်ကွက်မှန်းလည်း မသိဘူး၊ ကော်မရှင်ဘယ်လိုဆုံးဖြတ်မှာလဲ မသိသေးဘူးဆိုတော့ ကျနော်တို့က မှတ်ချက်ပေးဖို့တော့ အဲဒီကိစ္စအပေါ်မှာ ခက်နေတာပေါ့နော်"
ရှစ်လေးလုံး ပြည်သူ့ပါတီ အမည်၊ အလံနဲ့ အမှတ်တံဆိပ်တွေကို ကန့်ကွက်လိုရင် ၇ ရက် အတွင်းကန့်ကွက်နိုင် ကြောင်း မေလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ကြေညာခဲ့တာ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေ အများစု ပါဝင်တဲ့ ရှစ်လေးလုံးပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ပါတီတည်ထောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှစ်လေးလုံး ဆိုတဲ့အမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် တင်ပြထားပြီးနောက် အဲဒီနာမည်ဟာ အများနဲ့သက်ဆိုင်တဲ့ အရေးတော်ပုံနာမည် ဖြစ်တာကြောင့် အဖွဲ့အစည်းတစ်ခုတည်းက အဲဒီနာမည်ကို သုံးစွဲတာ မဖြစ်သင့်ဘူးဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ကန့်ကွက်ကြတာတွေရှိသလို အဖွဲ့အစည်းတချို့က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလိုကန့်ကွက်မှုတွေရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက ပါတီတည်ထောင်လိုသူ တွေကို ခေါ်ယူတေ့ွဆုံပြီး ဆွေးနွေးလိုက်တဲ့အတွက် ရှစ်လေးလုံးပြည်သူ့ပါတီ ဆိုပြီး အမည်ပြောင်းလဲကာ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီရဲ့အလံမှာ လိုင်း ၃ လိုင်းပါရှိပြီး အပေါ်နဲ့ အောက်ဘက်လိုင်းတွေကို အဝါရောင်၊ အလယ်လိုင်းကို အနီရောင် အသုံးပြုထားပြီး အလယ်လိုင်းမှာ အဝါရောင်နဲ့ မြန်မာအက္ခရာ ၈ လေးလုံးကို ရေးသားထားတာ ဖြစ်ပါတယ်။