လိပ်ကျွန်းလူသတ်မှုက မြန်မာနှစ်ဦး သေဒဏ်ကလွတ်

လုဆိုင်း
2020.08.14

ထိုင်းဘုရင့်မယ်တော် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ထောင်ကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးလည်း ပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်းက သြဂုတ်လ ၁၄ ရက်နေ့မှာ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်လိုက်တယ်လို့ အမှုကို ကူညီပေးသူတွေက ပြောပါတယ်။

သြဂုတ်လ ၁၂ရက်နေ့မှာကျရောက်ခဲ့တဲ့ ထိုင်းဘုရင်ရဲ့ မယ်တော် သီရိခက် သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ကို သြဂုတ်လ ၁၃ ရက်နေ့ မှာ ထိုင်းဘုရင်က ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအမှုလည်း ပါဝင်ခဲ့တာလို့ အမှုလိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်လိုက်တယ် ဆိုတာကို ထိုင်းရှေ့နေများကောင်စီကနေ အကြောင်းကြားလာတာလို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးအတွက် ပြစ်ဒဏ်သက်သာခွင့်ရရေး အကူညီပေးနေတဲ့ ရှေ့နေတွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းဘုရင်ဆီကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အသနားခံစာ ပို့ခဲ့ကြပါတယ်။

အခု လိပ်ကျွန်းအမှု သက်သာခွင့်ရလာတာဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ ပါဝင်ကူညီခဲ့တဲ့ ရလဒ်တခု ဖြစ်တယ်။ ထိုင်းနိုင်ငံမှာ မတရားဖမ်းဆီးခံရတဲ့အမှုတွေ၊ အခက်အခဲတွေကြုံတိုင်း မြန်မာအလုပ်သမားတွေအတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ပေးသင့်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

၂၀၁၄ ခုုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရပြီး အဲဒီအမှုမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားစွဲတာကို ခံခဲ့ရပါတယ်။ လိပ်ကျွန်းရှိရာ ကော့စမွေခရိုင် တရားရုံးကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ သေဒဏ် ချမှတ်ခဲ့ပြီး လောလောဆယ် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။