ဥပဒေချိုးဖောက်ခဲ့ခြင်းမရှိဟု ကယားပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ခင်မောင်စိုး
2020-08-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေဖောက်ဖျက်မှုနဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက သူ့အနေနဲ့ တရားဥပဒေချိုးဖောက်တဲ့လုပ်ရပ် တစုံတခုကို ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်း မရှိဘူးလို့ RFA ကို ပြောကြားခဲ့ပါတယ်။

ကယားပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ၂ဝ၁၆ ကနေ ၂ဝ၁၈ ခုနှစ်အထိ စက်ယန္တရား ဌားရန်းခငွေတွေကို နိုင်ငံတော်ဘဏ္ဍာငွေစာရင်း ထည့်သွင်းခဲ့ခြင်း မရှိတာကို ပြည်နယ်စာရင်းစစ်ချုပ်က တွေ့ရှိခဲ့ကြောင်း  RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ကို စွပ်စွဲချက်တွေထဲမှာပြည်နယ်အတွက်အသုံးပြုတဲ့ ကွင်းပြင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဌားရမ်းအသုံးပြုခွင့်ပေးခဲ့တယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက သူဟာ အစိုးရလမ်းညွန်ချက်အတိုင်း တိတိကျကျ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ စိုးရိမ်မှုမရှိပါဘူးလို့ ပြောပါတယ်။

“အရင်အစိုးရလက်ထက်ကတည်းက ဝယ်ထားတဲ့ စက်ယန္တရားတွေပါ။  ဒါကို လွှတ်တော်ကလည်း   ကျနော်တို့ဒီအစိုးရအဖွဲ့အနေနဲ့ စနစ်တကျစီမံဆောင်ရွက်ဖို့အတွက် မူဝါဒချမှတ်ထားပြီးသား၊ လွှတ်တော်က အတည်ပြုတဲ့ဟာတွေ အစိုးရက ဖော်ဆောင်ရတယ်။ ဖော်ဆောင်ပြီးတဲ့ ကိစ္စကို အကြိမ်ကြိမ်လည်း လွှတ်တော်ကိုပြန်လည်ရှင်းပြီးပြီ နိုင်ငံတော်အဆင့်ကိုလဲ အစီရင်ခံတင်ပြပြီးပြီ။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအတိုင်းပေါ့နော် သူတို့ရဲ့ပြောကြားချက်အတိုင်း ကျနော်တို့ဆောင်ရွက်ပြီးသား။ နောက်တခုကလဲ ကယားပြည်နယ်နေ့ ကျင်းပတဲ့ကွင်းဆိုတာ နိုင်ငံတော်သမ္မတရုံးကနေ ပြောကြားတဲ့အတိုင်း ကျနော်တို့က စီမံဆောင်ရွက်ပြီးမှ ဒီလိုပြီးပြတ်တဲ့ ကိစ္စတွေကို ဒီလိုအချိန်အခါမှ ဒီလိုမျိုးလုပ်တာဟာ ဘာကြောင့်လဲဆိုတာ  ပြည်သူတွေက သိမယ်လို့ ကျနော်ယုံကြည်တယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အလေအလွင့်မရှိဖို့ မဆုံးရှုံး မနစ်နာဖို့ အမြဲတမ်းကြိုးပမ်းလုပ်နေပါတယ်၊ မီဒီယာတွေအနေနဲ့ပေါ့နော် အမှန်တရားကို ချပြစေချင်ပါတယ်”


ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း ကတော့ ကယားပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်အကြားမှာ လက်ရှိအစိုးရစတင် တာဝန်ယူကတည်းက ပြဿနာတွေအမြဲလိုလို ပေါ်ပေါက်ခဲ့တာကို သတိထားမိတယ်လို့ ပြောပါတယ်။

“ကျမတို့ ၂ဝ၁၅ ရွေးကောက်ပွဲပြီးလို့  ၂ဝ၁၆ အစိုးရသစ်စတက်တဲ့အချိန်ကာလကစပြီးတော့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပွတ်တိုက်မှုတွေက တောက်လျှောက်ရှိခဲ့ကြတယ်။ ပြည်နယ်လွှတ်တော်က ကျမသိသလောက် အခုရပ်နားထားတာရှင့်။ ရပ်နားထားတာဆိုတဲ့အခါကျတော့ ဒီစာကြီးကအပြင်ကိုထွက်လာတယ် ဒီစာကို ဘယ်ကထွက်တာလဲ ကျမတို့ပြန်လေ့လာဖို့တော့ လိုမယ်”

ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က သတင်းမှားဖြန့်ချိမှုတွေ ပိုမိုများပြားလာနေတာကို သတိထားကြဖို့ တိုက်တွန်းပါတယ်။

“Covid-19 ရောဂါ အဲဒီအတွက်  သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း  လိုက်နာဖို့  လိုတဲ့အခါကျတော့ အွန်လိုင်းကမ်ပိန်းတွေကို တွင်တွင်ကျယ်ကျယ်ပိုပြီးသုံးရမှာပေါ့နော်။ဆိုရှယ်မီဒီယာတွေလည်း  အများကြီးသုံးရတာပေါ့။ စိတ်သဘောထားမမှန်တဲ့သူတွေက ဒါကိုသုံးပြီး တိုက်ခိုက်တာတို့ Fake news တွေပေ့ါနော်။ ဒါတွေနဲ့ လူပုဂ္ဂိုလ်တဦးတယောက်ကို တိုက်ခိုက်တာတို့ ဒါတွေကို အများကြီးလုပ်လာနိုင်တယ်။ လုပ်နေတာတွေကိုလည်း  ကျမတို့တွေ့နေရတာ  ရှိတယ်ပေါ့နော်၊ Main Stream မီဒီယာတွေအနေနဲ့ မှန်ကန်တဲ့သတင်းကို ထုတ်လွှင့်ဖို့ ဆောင်ရွက်ကြသင့်တယ်၊ ပြည်သူတွေကိုလဲ ပြောချင်တာကတော့ ဆိုရှယ်မီဒီယာက ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင် ရှိပေမဲ့ တဖက်ကကြည့်မယ်ဆိုရင်လဲ cyber bullying ပေါ့နော် ဒါကိုသုံးပြီး တဲ့အခါကျတော့ တယောက်နဲ့တယောက် ပိုအမုန်းပွားအောင် ဆောင်ရွက်နိုင်ပါတယ်။ အထူးသဖြင့် မဟုတ်မမှန်သတင်းတွေကို ရှယ်တာ ကွန်မန့်လုပ်တာ ဒါတွေ မလုပ်သင့်ဘူးပေါ့နော်။”

ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် တိုင်တန်းမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲသိရှိရတဲ့ သတင်းတွေကို RFA က ထပ်မံတင်ပြမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့