ဘူးသီးတောင်နဲ့ ကျောက်တော်မှာ တိုက်ပွဲပြင်းထန်


2019.01.02
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ AA  ရက္ခိုင့်တပ်မတော်တို့ မနေ့က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် စည်တောင်နဲ့ ကန်ပြင်ရွာကြားမှာ မနေ့ကမနက် ၉ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွား တာဖြစ်ပြီး ကျောက်တော်မြို့နယ် သလူချောင်းရွာအနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ AA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းအထိလည်း ပစ်ခတ်နေကြဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေက ထွက်ပြေးနေ ကြတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

လက်နက်ကြီးကျည်တွေက အဲဒီရွာအနီးပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စည်တောင် နဲ့ ကန်ပြင်ရွာကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၂၀၀ ကျော်ဟာ လက်ရှိမှာ ဘူးသီးတောင်မြို့နယ် အတွင်းက တိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့ ဆင်ခုံတိုင်၊ စေတီတောင်၊ စပါးထား စတဲ့ ရွာ ၆ ရွာတို့မှာ ခိုလှုံနေကြ တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှာ ဒီနေ့မနက်က စစ်ဘေးဒုက္ခသည် ၈၀၀ ကျော်ရှိရာကနေ ညနေပိုင်း မှာဆိုရင် ၉၀၀ ကျော်အထိ ရှိလာပါတယ်။

သူတို့ဟာ မြန်မာ့တပ်မတော်က ယိုးချောင်းအထက်ပိုင်းဒေသကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားမြစ်ထား တဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်ပြီး ထွက်ပြေးလာကြတာလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။