ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်တာ၊ ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။
မနေ့က မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်း အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဖက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်ထဲကို ပြန်ဆုတ်ခွာသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
တပ်မတော်ဖက်က ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ပြောပေမယ့်လည်း အရေအတွက် အတိအကျတော့ မပြောပါဘူး။
AA ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဥယျာဉ်သာရွာအနီးက တိုက်ပွဲကတော့ ပြင်းထန်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် AA အဖွဲ့ဖက်ကလည်း ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် AA က အတည်ပြု ပြောဆိုတာတော့ မရှိပါဘူး။
မနေ့က ညနေ ၆ နာရီလောက်မှာ တိုက်ပွဲကြောင့် ဥယျာဉ်သာကျေးရွာက ဒေသခံ ၂၀၀ ခန့်ဟာ စံဂိုးတောင်ရွာဘက်ထံ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်ထောင်ခန့် ရှိနေပြီလို့ သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တစ်နေကုန်နီးပါးလောက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အစပ် ဥယျာဉ်သာရွာ အရှေ့တောင်ဘက်က တောင်တန်းပေါ်မှာ ၆ နာရီလောက်ကြတဲ့အထိ တိုက်ပွဲကပြင်းထန်ခဲ့တယ်လို့ AA ဖက်ကသတင်းထုတ်ပြန်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးဖက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင်အမှတ် ၅၆ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
ညနေ ၆ နာရီလောက်မှာတော့ တိုက်ပွဲက ဥယာဉ်သာရွာအနီးထိ ဖြစ်ပွားလာတဲ့အတွက် ဒေသခံရွာသား ၂၀၀ ကျော်လောက်ဟာ စံဂိုးတောင်ရွာဘက်ကို ထွက်ပြေးနေကြရတယ်လို့ အဲဒီရွာသားတစ်ဦးက ပြောပါတယ်။
"ည ၆ နာရီလောက်ကဖြစ်တာပါ၊ အချိန်နာရီဝက်လောက်ကြာတယ် ကြားပါတယ်၊ ဥယျာဉ်သာရွာ အနီးအနားတောင်တန်းတွေနားမှာပါ၊ ရွာသားတွေ အကုန်လုံးထွက်ပြေးနေရတယ်၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ရွာမှာ ၁၀ ယောက်ကျော်လောက်ပဲကျန်တယ်၊ ဒီနေ့ အေးချမ်းရင်တော့ မနက်ဖြန်ပြန်မယ်"
လက်ရှိရခိုင်ပြည်မြောက်ပိုင်းဘက် အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်စုစုပေါင်း ၆ ထောင်နီးပါးလောက်ရှိနေပြီလို့လည်း သိရပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ AA ဖက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း ခြံစည်းရိုးအနီးတဝိုက်တွေမှာ မိုင်းထောင်ထားတာတွေရှိပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဆီ ဆုတ်ခွာသွားကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ရခိုင်ပြည်မြောက်ပိုင်းဘက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦး ထံ RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။
"တိုက်ပွဲက ရွာနီးချုပ်စပ်အနီးမှာမဖြစ်ရင် ဘာမှမဖြစ်ဘူးလေ၊ ဘယ်ကောင်မှလည်း ပြေးစရာမလိုဘူးလေ၊ AA က တမင်ဒီလိုဖြစ်အောင်လုပ်တာ၊ ရောရမတို့ အောရမတို့ တောထဲမှာချ၊ ဘယ်ရွာမှမရှိတဲ့ နေရာမှာချလေ၊ သူတို့က နိုင်ငံရေးမျက်နှာစာမှာလည်း ဒီရွာတွေနားမှာတင် ပတ်ပြီးတော့ အဲဒီတော့ ရွာတွေဘာဖြစ်မလဲ ကြောက်လန့်ပြီးထွက်ပြေးမယ်၊ ဒုက္ခရောက်မယ် မီဒီယာတွေနဲ့ပေါင်းပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ဒေသကမတည်ငြိမ်ဘူးဖြစ်တယ်၊ ဒါမျိုးဖန်တီးတာလေ သတ္တိရှိတယ်ဆိုရင် ရွာအနီးပတ် စလည်မှာလာမလုပ်နဲ့လေ၊ နယ်စပ်မှာ လာလုပ်တယ်ဆိုတာ ဟိုဘက်တစ်ဖက်နိုင်ငံကနေ သူတို့လာပစ်တာလေ၊ အဲဒီတစ်ဖက်နိုင်ငံထဲပဲ ဒီကောင်တွေပြန်သွားတာပေါ့၊ နယ်စပ်ဟိုဘက်ကနေ ခြံစည်းရိုမြောက်ဘက်ကနေ ပစ်တာလေ၊ ပစ်ပြီးတော့ အဲဒီဘက်ပဲပြန်သွားတာပဲ၊ ဟိုဘက်ကိုကျော်သွားရင် ကျနော်တို့က မပစ်ပါဘူး၊ နှစ်နိုင်ငံဆက်ဆံရေး ပျက်မယ့်လောက်အထိလည်း ကျနော်တို့က မလုပ်ပါဘူးခင်ဗျ"
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို AA တပ်ဖွဲ့တွေ ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့အပေါ် AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အခုလို ပြန်လည်တုံ့ပြန်ထားပါတယ်။
"ဒါကတော့ သူတို့တစ်လျှောက်လုံး စွပ်စွဲပြောဆိုလာတဲ့ကိစ္စဗျ၊ ကျနော်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှာမရှိဘူး၊ ရခိုင်ပြည်နယ်ထဲမှာပဲ တပ်ဖြန့်ပြီးတော့ နေရာယူထားတာ၊ မနေ့က မောင်တောမြို့နယ် အစပ်မှာဖြစ်တဲ့တိုက်ပွဲကလည်း နယ်စပ်မျဉ်းနဲ့ အတော်လေး လှမ်းသေးတယ်ဗျ၊ နယ်စပ်ဘက်ကိုတော့နီးတယ်၊ ဒါပေမဲ့ တော်တော်လေးအထဲဘက် ကျသေးတယ်၊ ကျနော်တို့က ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဘာစခန်းမှမရှိသလို ဘင်္ဂလားဒေ့ရှ်ထဲမှာ နေစရာလည်းမရှိဘူး၊ ရခိုင်ဒေသအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ခိုင်ပြည်နယ်ထဲမှာပဲ တပ်ဖြန့်ထားတာ"
နှစ်ဖက်စစ်ရေးတင်းမာမှုတွေက ဆက်လက်ရှိနေဆဲဖြစ်ပြီး အစိုးရတပ်မတော်အနေနဲ့ AA ကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားသလို AA အနေနဲ့ကလည်း တိုက်ပွဲတွေက ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။