တပ်မတော်နဲ့ AA တို့ မြို့နယ် လေးခုမှာ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပလက်ဝမြို့နယ်တွေမှာ သြဂုတ်လ ၂ ရက်နေ့ မနေ့က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သြဂုတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ပလက်ဝနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပေမယ့် နှစ်ဘက်စလုံး အသေအပျောက်မရှိခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ထုတ်ပြန်ချက်မှာ ဘူးသီးတောင်မြို့နယ်၊ ဂေါင်းတိုက်ရွာ အရှေ့ဖက် (၁) ကီလိုမီတာ အကွာအဝေးက တောင်တန်းတွေပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်က ဥယျာဉ်သာရွာနဲ့ ဆင်သည်ပြင်ရွာ နှစ်ရွာမှာ အခြေချပြီး အနီးနား တောင်တန်းတွေပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ သုံးရက်ခန့်ကြာမြင့်နေပြီလို့ ရေးသားထားပါတယ်။

အစိုးရတပ်မတော်ဘက်ကတော့ ရသေ့တောင်မြို့နယ်တိုက်ပွဲအတွင်း AA ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

AA ဘက်က အစိုးရတပ်မတော်ကို ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းရွာနဲ့ ကျောက်တန်းရွာကြားမှာ အလစ်ဝင် တိုက်ခိုက်ခဲ့သလို မြောက်ဦးမြို့နယ် ဘူးရွက်မညိုးနဲ့ ဝေသာလီရွာကြားမှာလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်၊ နယ်စပ်မှတ်တိုင် BP-71 နှင့် 72 ကြားမှာတော့ သြဂုတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က စတင်ပြီး ညနေ ၁၀ နာရီခန့် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)