စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်က ရွာတချို့မှာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ တပ်သားသစ်စုဆောင်းတာဖြစ်ပြီး စိစစ်ပြီးနောက် လွှတ်သင့်သူတွေကို ပြန်လွှတ်ပေးမယ်လို့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း/အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENNO/ENDA) က ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒေသခံတွေ ပြောဆိုချက်အရ ဇူလိုင် ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မှန်ပင်ရွာက ဒေသခံ ၇၀ ခန့်နဲ့ ရွှေမြင့်မိုရ်ရွာက ဒေသခံ ၅၀ အပါအဝင် ရွာတချို့က နောက်ထပ် ဒေသခံတချို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။
ENNO/ENDA ကတော့ အခုလိုလုပ်ဆောင်တာဟာ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုလုပ်လိုစိတ်နဲ့ လုပ်ဆောင်တာ မဟုတ်ဘဲ အရှေ့နာဂလွတ်မြောက်ရေးမှာ နာဂလူငယ်တွေကို အင်တိုက်အားတိုက် ပါဝင်စေလိုတာကြောင့် တပ်သားသစ်စုဆောင်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ENNO/ENDA ရဲ့ မူဝါဒနဲ့ မြန်မာပြည် ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးအတွက် နာဂဒေသမှာနေထိုင်တဲ့ ဘယ်တိုင်းရင်းသားမဆို ENNO/ENDA အတူ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်စေလိုတယ်လို့လည်း ဆိုပါတယ်။
နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ကတော့ ENDA က ခေါ်ဆောင်သွားတဲ့ ပြည်သူအားလုံ့းရဲ့ အသက်နဲ့ လုံခြုံရေးကို အပြည့်အ၀အာမခံဖို့၊ သူတို့အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ သူတို့အားလုံးကို ဘယ်လို ထိခိုက်နစ်နာစေမှုကိုမဆို မပြုလုပ်ဖို့၊ သူတို့လုံခြုံရေးနဲ့ပတ်သက်လို့ မိသားစုဆီ အသိပေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေကို အတင်းအကျပ်ခေါ်ဆောင်တာနဲ့ လူထု စိုးရိမ်ကြောက်ရွံ့ရမယ့် လုပ်ရပ်တွေကို ထပ်မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့လည်း နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က တိုက်တွန်းပါတယ်။
ENNO/ENDA ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ဆောင်ရွက်ပြီးရင် လွှတ်သင့်လွှတ်ထိုက်သူတွေကို ပြန်လွှတ်ပေးမယ်လို့ ဩဂုတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခန္တီးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးစုဆောင်းနေသလို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ကလည်း အတင်းအကျပ် လူသစ်စုဆောင်းနေတာကြောင့် လူငယ်တွေ သွားလာနေထိုင်ရေးနဲ့ စားဝတ်နေရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ခန္တီးမြို့ပေါ်နဲ့အနီးတစ်၀ိုက်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျေးလက်ဒေသတွေမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ၊ အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENDA) နဲ့ နောက်ထပ်နာဂလက်နက်ကိုင်အဖွဲ့တချို့ စစ်ရေးလှုပ်ရှားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENDA) ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
