မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်

0:00 / 0:00

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်က လေယာဉ်သုံး တိုက်ခိုက်နေသလို ဒီနေ့မနက်က ရသေ့တောင်မြို့အနီးမှာ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေတံတားအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု ဒီနေ့မနက်က မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်က ကျေးရွာအတွင်းပစ်ခတ်ခဲ့လို့ အသက် ၂၀ ကျော်အရွယ် မခင်ဝင်းရွှေရဲ့ကျောမှာ ကျည်ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မခင်ဝင်းရွှေဟာ ထွန်းရဝေရွာခံ အမျိုးသမီးတစ်ဦးဖြစ်ပြီး တပ်မတော်ကပစ်ခတ်နေချိန်မှာ အခြားရွာခံတွေနည်းတူ ကြောက်လန့်ထွက်ပြေးကြရမှာ ကျည်ထိမှန်သွားတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

မခင်ဝင်းရွှေကို ဒဏ်ရာအခြေအနေဆိုးရွားတဲ့အတွက် စစ်တွေဆေးရုံကနေ ရန်ကုန်ကို ပို့ဆောင်ဖို့စီစဉ်နေကြ တယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ထွန်းရဝေကျေးရွာ ကျောင်းတိုက်ဆရာတော် ဦးတေဇဗလက အခုလို မိန့်ပါတယ်။

“မနက် ၇ နာရီက ဗုံးပေါက်ကွဲသလို အဲလိုကြားတယ်။ ပြီးတာနဲ့ စစ်ကြောင်းကနေပြီးတော့ လက်နက်ငယ်တွေနဲ့ ရွာဘက်ကိုလှည့်ပြီးတော့ပစ်တယ်။ ရွာကလူတွေကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက် ကျည်ထိသွားတာပဲ။ ရွာကလူတွေကတော့ သူတို့စစ်ကြောင်းက ပစ်တာကိုမြင်ကြတယ်”

ထွန်းရဝေကျေးရွာ တံတားအနီးမှာ ဒီနေ့မနက်က တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အပြန်အလှန်ပစ်ခတ်တာမရှိဘဲ တပ်မတော်ဘက်က ရှင်းလင်းပစ်ခတ်ရာမှာ ကျည်ထိမှန်သွားတာလို့ ဆရာတော် ဦးတေဇဗလက မိန့်ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒီကိစ္စကို မကြားမိသေးဘူးလို့ ပြောပါတယ်။

“အဲဒါကို ကျွန်တော် မကြားမိဘူးခင်ဗျ။ အဲဒီမိုင်းကွဲတဲ့သတင်းလည်း ကျွန်တော် မကြားဘူး”

ဒီနေ့မနက်က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ တပ်မတော်ဘက်က အထိအခိုက်အခြေအနေကို မသိရသေးပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ တပ်မတော်စစ်ကြောင်းကို သူတို့ မိုင်းခွဲတိုက်ခိုက်တာလို့ ပြောပါတယ်။

ဒီအတွင်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဘက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့နက်က တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။

မင်းပြားမြို့နယ်မှာ မနေ့မနက်ပိုင်းကစလို့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဒီနှစ်ရက်စလုံးမှာ တပ်မတော်က တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

မနေ့က မင်းပြားမြို့နယ်က လေးမြို့မြစ်အောက်ပိုင်း ရွှေကျင်အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တပ်မတော်က တိုက်လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်သလို ဒီနေ့မနက်ပိုင်းကလည်း လေးမြို့မြစ်အထက်ပိုင်း ကျောင်းတောင်ကျေးရွာအနီးမှာ တိုက်လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ကျောင်းတောင်ကျေးရွာက အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ဆယ့်တစ်နာရီငါးဆယ့်ငါးမှာ ရဟတ်ယာဉ်နှစ်စီးလာပြီးတော့ ကျွန်တော်တို့ရွာတည့်တည့်ကနေပြီးတော့ တောင်ကိုလှမ်းပစ်တယ်။ လှမ်းပစ်တော့ ကျွန်တော်တို့ရွာမှာ ကျည်ခွံတွေကျတယ်။ အိမ်တွေပေါ် ကျတယ်။ ဘုန်းကြီးကျောင်းကိုလည်းကျတယ်။ ဥပုသ်စောင့်နေတဲ့ လူတွေအကုန်လုံး ရွာထဲပြေးဝင်လာကြရတယ်။ ကျွန်တော်တို့ရွာ အပေါ်တည့်တည့်ကနေ လှမ်းပစ်တာဆိုတော့ ရွာသားတွေအကုန်လုံး မြင်ကြရတာ"

မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ AA ဘက်က ၃ ဦးကျဆုံးပြီး ဒဏ်ရာရသူအနည်းရှိသလို တပ်မတော်ဘက်ကတော့ ကျဆုံးတာ ၄၀ ထက်မနည်းရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ဒီနေ့တိုက်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးဘူးလို့လည်း ခိုင်သုခက ပြောပါတယ်။

တပ်မတော်က က လေယာဉ်သုံးတိုက်ခိုက်တာနဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလို ပြောပါတယ်။

“မနေ့ကလည်း ရဟတ်ယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်တယ်ဆိုတဲ့ဥစ္စာက သူတို့တပ်ဖွဲ့တွေ အများကြီး အကျအဆုံးများလို့ သူတို့ကတိုက်ခိုက်တာဖြစ်တယ်။ ဒီနေ့မှာလည်း အဲလိုပါပဲ။ သူတို့တပ်ဖွဲ့တချို့ပိတ်မိနေတာရှိတယ်။ အဲဒါကြောင့် မို့လို့ သူတို့ဘက်ကနေပြီးတော့ ရဟတ်ယာဉ်တွေနဲ့လာပြီးတော့ ဒါတိုက်ခိုက်တာလို့ ကျွန်တော်တို့ အဲလိုပဲ နားလည်တယ်ဗျ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်ဘက်က ထိခိုက်တာ အနည်းအကျဉ်းသာရှိတယ်လို့ ပြောပါတယ်။

တပ်မတော်က တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်တာနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“လိုအပ်လို့ရှိရင်တော့ သုံးမှာပါ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ အနည်းအကျဉ်းတော့ ရှိတယ်။ အရေအတွက်တော့ ဘယ်လောက်ရှိတယ်ဆိုတာတော့ အဲဒါ ကျွန်တော်လည်း မသိသေးဘူး။ အဆက်အသွယ် မရသေးဘူး။ ထိခိုက်တာတော့ အေအေဘက်လည်းရှိမှာပဲ။ အေအေဘက်က ရှိ၊ မရှိတော့ ကျွန်တော်မသိဘူး။ သူတို့လည်းရှိမှာပဲ ဒီလောက်တိုက်ပွဲဖြစ်နေတာ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ အနည်းအကျဉ်းတော့ရှိတယ်”

မင်းပြားမြို့နယ်အတွင်းက နှစ်ရက်တာတိုက်ပွဲအတွင်း ထိခိုက်မှုအသေးစိတ်အခြေအနေကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်လာခဲ့တာ အခုဆိုရင် အချိန် ၈ လကျော်ရှိခဲ့ ပြီဖြစ်ပါတယ်။

ဒီတိုက်ပွဲကာလအတွင်း အရပ်သားတွေထဲက ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၇၀ ကျော်ရှိပါတယ်။

အရပ်ဖက်လူမှုအဖွဲ့တွေရဲ့စာရင်းအရ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေမှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေဟာ ခြောက်သောင်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။