ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်တောင်တန်းအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ရိုဟင်ဂျာ မွတ်စလင်အချို့သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
ဧပြီလ ၃ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့ တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် ရိုဟင်ဂျာ မွတ်စလင် ၁၀ ဦးကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နေ့လယ်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ စိုင်ဒင်ဝါးထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေချိန် မြန်မာ့တပ်မတော်က ရဟတ်ယာဉ်တွေက ပစ်ခတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းရာ တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားတာမှန်ကြောင်းနဲ့ ရဟတ်ယာဉ်သုံးတိုက်ခိုက်မှု ရှိ၊ မရှိကိုတော့ မသိကြောင်း RFA ကို ပြောပါတယ်။
"နယုန်တောင်နဲ့ ဖုန်ညိုလိပ်ဆိုတဲ့နေရာက ဘူးသီးတောင်မြို့နယ်ထဲမှာပဲ ပါလိမ့်မယ်၊ ရေဆိုးချောင်းရဲ့ မြောက်ဘက်ပေါ့၊ မနေ့က နေ့လယ်လောက်မှာ ထိတွေ့မှုဖြစ်တယ်လို့ ပြောတယ်"
မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တာကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဗိုလ်မှူးချုပ် ဝင်းဇော်ဦးကို မေးမြန်းဖို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းဇော်ဦးကို မေးမြန်းဖို့ RFA က ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သူတွေထဲက မိသာစုဝင်တစ်ဦးဖြစ်သူ အမည်မဖော်လိုသူ ရိုဟင်ဂျာမွတ်ဆလင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"သေတာက ၁၀ ယောက် ဝန်းကျင်လောက်ရှိမယ်လို့ပြောတယ်၊ အဲဒီကို လူတွေသွားလို့မရဘူး၊ ရွာမှာ အလောင်းကောက်ယူလာတာက ၇ ယောက်ရှိနေပြီ"
ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာကတော့ သေဆုံးဒဏ်ရာရမှုစာရင်းဟာ ကွဲလွဲနေတာကို တွေ့ရပါတယ်။
နိရဉ္စရာ သတင်းဌာနမှာတော့ ၆ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိကြောင်း ဖုန်ညိုလိပ်ကျေးရွာမှ မွတ်စလင် အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါ ကပြောကြောင်း ရေးသားဖော်ပြထားပါတယ်။
Development Media Group -DMG မီဒီယာမှာတော့ ၁၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရှိကြောင်း စိုင်းဒင်ဝါးထုတ်လုပ်ရေးမှ အလုပ်သမားတာဝန်ခံ အဘူဖွေယောက ပြောဆိုကြောင်း ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို ဆက်သွယ်မေးမြန်းရာမှာ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မနေ့က တိုက်ပွဲ ဖြစ်ပွားတာမရှိကြောင်း RFA ကိုပြောပါတယ်။
"ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး၊ မနေ့က တစ်ရက်လုံး အဲဒီနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ၊ ဗမာစစ်တပ်က ရမ်းပြီးတော့ လက်နက်ကြီးတွေပစ်၊ ဗုံးတွေ ပစ် အဲလိုလုပ်တာ"
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန့်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သောင်း ၅ ထောင်ကျော်နဲ့ အိမ်ထောင်စုပေါင်း ၆ ထောင်ကျော်ရှိတယ်လို့ RFA က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။