တပ်မတော်ဘက်က ၁၁ ဦးကို AA ဖမ်းဆီးစစ်ဆေး


2019.03.12
soldiers-weapon-622.jpg AA က သိမ်းဆည်းရမိတဲ့ အစိုးရတပ်ရဲ့ စစ်လက်နက်အသုံးအဆောင်တွေကို တွေ့ရစဉ်
Photo: AA Website

ရက္ခိုင့်တပ်မတော်က ဖမ်းဆီးရမိထားတဲ့ အစိုးရတပ်မတော်ဘက်က သုံ့ပန်း ၁၁ ယောက်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA ကို ပြောပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာတောင်ဘက်က အစိုးရတပ်မတော် စကခ(၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ(၅၆၃) ရဲ့ ဗျူဟာတောင်ကုန်းကို မတ်လ  ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း မီးကျောက်တွေနဲ့အတူ သုံ့ပန်း ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA အဖွဲ့က မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန်ထားပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာကို AA စစ်ရုံးက ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

AA သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အတည်ပြုဖို့အတွက် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မတ်လ ၉ရက်နေ့တိုက်ပွဲဟာ မတ်လအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ကာ ဗျူဟာမှူး ယာယီအခြေစိုက်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီတိုက်ပွဲအတွင်း သုံ့ပန်း ၁၁ ဦးအပြင် ဘက်ဟိုးမြေတူးကား ၁၆ စီး၊ ကျောက်တင်ကား ၁စီး၊ ကွန်ပျူတာ ၃လုံး၊ ဒရုန်းနဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက "ရခိုင်ပြည်နယ်အရေးဟာ ပြည်နယ်အတွက်တင်မဟုတ်ဘဲ ပြည်ထောင်စုအတွက်ပါ စိုးရိမ်စရာအနေအထား ဖြစ်လာတယ်" လို့ မနေ့က နေပြည်တော်မှာ RCSS အဖွဲ့နဲ့ တေ့ွဆုံအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ် ထိုးဖို့ ဖိတ်ခေါ်ကြောင်းလည်း ဦးဇော်ဌေး က ပြောခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲကပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်ကလည်း ရဟတ်ယာဉ်ကနေ လေကြောင်းပစ်ကူတာတွေ ရှိခဲ့ပေမယ့်လည်း ညနေပိုင်းလောက်မှာ တပ်မတော်ဘက်က ဆုတ်ခွာခဲ့ကြတာလို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA ကို ပြောပါတယ်။

အဲဒီတိုက်ပွဲကနေ စစ်လက်နက်ခဲယမ်းပစ္စည်းတွေအပြင် မြေတူးစက်တွေ၊ မြေသယ်ယာဉ်တွေနဲ့အတူ စစ်သုံ့ပန်း ၁၁ ယောက်ကိုလည်း ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

‘’သူတို့က အဲဒီမှာ ဗျူဟာမှုးထိုင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ကျွန်တော်တို့ကို လှမ်းပစ်နေတာ၊ အဲဒါကြောင့်မို့ ကျွန်တော်တို့ဘက်ကနေ ရှင်းလင်းရေးလုပ်ရတာ၊ ဘတ်ဟိုးတွေဘာတွေကအစ အဲဒီမှာရတယ် ယန္တရား ပစ္စည်းတွေလည်း တင်ထားတာဖြစ်နိုင်တယ်၊ ဂွအခြေစိုက်ပေါ့နော် ခမရ ၅၆၃ က အဲဒီစခန်းကုန်းကနေ ကျွန်တော်တို့ကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ပစ်နေတာ၊ ပလက်ဝမြို့နယ် ပြန်ဆိုရွာရဲ့တောင်ဘက် ၅.၅ ကီလိုမီတာအကွာလောက်မှာရှိတယ်’’

AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကံတင် က အခုလိုပြောပါတယ်။

‘’ကျွန်တော်တို့ ပလက်ဝ မကြားဘူးခင်ဗျ၊ ဒါကောလာဟလသတင်းပဲဖြစ်ပါလိမ့်မယ်၊ မဖြစ်နိုင်ဘူးခင်ဗျ၊ ဖြစ်ရင်ကျွန်တော်တို့သိရမှာပေါ့၊ ပီချောင်းဘက်ကလူတွေလည်း ခဏခဏပလက်ဝကိုရောက်ပါတယ်၊ အဲဒီဘက် ဖုန်းလိုင်းမရဘူးခင်ဗျ၊ အခြေပြုလို့မရတဲ့သတင်းပါခင်ဗျ၊ ကြိုကြာကြိုကြားဖြစ်တယ်ဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်၊ ခဏလေးပေါ့ ၁၅ မိနစ် မိနစ်၂၀ တိုက်ပွဲသတင်းတွေတော့ကြားနေရပါတယ်၊ ပီချောင်း မှာတော့မဖြစ်ဘူး’’

ဒါ့အပြင် AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်လို့ NCA လမ်းကြောင်းကနေ ဆက်လက်ဆွေးနွေးပွဲတွေလုပ်ဖို့ တိုက်တွန်းတဲ့အကြောင်းလည်း ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

‘’ဇန်နဝါရီလ ၄ ရက်နေ့ကျတော့ ရဲစခန်းတွေ တိုက်တဲ့ဖြစ်စဉ်ဖြစ်လာတယ်၊ AA က တစ်ဖက်မှာ NCA လက်မှတ်ရေးထိုးရေးဆွေးနွေးနေတယ် တစ်ဖက်မှာ အဲလိုကြေညာချက်တွေနဲ့ ဆန့်ကျင်ပြီးတော့ တိုက်လာတဲ့ အပိုင်းပေါ့နော်၊ တပ်မတော်ရေအစိုးရရော ဒီပေါ်မှာပြန်သုံးသပ်တယ်၊ အပစ်ခတ်ရပ်စဲရေးနဲ့ငြိမ်း ချမ်းရေးကိုသွားဖို့ ကတိပြုဖို့လိုတယ်ဆိုတဲ့ဟာဖြစ်သွားတယ်၊ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့ ငြိမ်းချမ်းရေးကော်မရှင်ကလည်း ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းပြောထားပါတယ်၊ NCA ထိုးဖို့တော့ NCA လမ်းကြောင်းကိုဝင်ဖို့တော့ သူတို့က ကတိပြုရမယ်’’

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်အပေါ် AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက

‘’ရက္ခိုင့်တပ်မတော်ဟာ NCCT တစ်လျှောက်လုံးပါခဲ့ပြီးတော့ NCA ထိုးခါနီးကျမှပဲ AA ရယ် TNLA ရယ် MNDAA ကနေပြီးတော့ ဒီအဖွဲ့တွေဟာနောက်မှပေါ်လာရတာဆိုပြီးတော့ လုပ်တာလည်း သူတို့ဘက်ကလုပ်တာပဲ၊ နောက် ဒီအဖွဲ့တွေကို လက်နက်စွန့်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီးတော့ ပြောတာလည်း သူတို့ပဲပြောတာပဲ၊ သူတို့လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလုပ်နေတယ်၊ ရိုးသားမှုမရှိတာ၊ တစ်ကယ်ငြိမ်းချမ်းရေးကိုမလိုတာ၊ သူတို့ ကနေပြီးတော့တစ်ဖက်က တုတ်ပြပြီးတော့ တစ်ဖက်က စကားပြောရအောင်ဆိုလို့ကတော့မရဘူး၊ တကယ် ညီအစ်ကိုစိတ်ဓာတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖြစ်ချင်ရင် သူတို့အခုလုပ်နေတဲ့ ကျွန်တော်တို့ကို အမြစ် ပျက်ခြေမှုန်းရေး ရပ်တန့်ဖို့လိုတယ် အဲဒါမှပဲ တကယ်ငြိမ်းချမ်းရေးစကားကို ဆက်ပြောလို့ရမှာ’’

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲအပြီးမှာ တိုက်ပွဲတွေရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲကနေ အဖြေရှာဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်းတွေကို AA က ဝင်တိုက်ခဲ့တာဟာ ကြေညာချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဦးဇော်ဌေးက မနေ့က ပြောခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့ကလည်း AA အဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ဦး ကျဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ အောက်ခြေတပ်ဖွဲ့ဝင်တွေက တိုက်ခိုက် ခဲ့တာဖြစ်ကြောင်း AA ဌာနချုပ်က ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ဖို့ ညွှန်ကြားထားခြင်းမရှိကြောင်း ခိုင်သုခ က RFA ကို ပြောခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အင်အားနည်းတဲ့ ရဲစခန်းတွေကို AA အဖွဲ့က ရည်ရွယ်ချက်ရှိရှိ သိက္ခာချတဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်တာလို့ ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကလည်း AA အဖွဲ့ကို တုံ့ပြန်ချေမှုန်းသွားမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် ရဲကင်းစခန်းတချို့ ရုပ်သိမ်းတာ၊ ပူးပေါင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃လကျော်ကြာနေပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်အထိ ရှိနေပါပြီ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။