တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရထားရသူတွေ အခြေအနေ

0:00 / 0:00

ရခိုင်ပြည်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေအတွင်း AA က ဖမ်းဆီးထားတဲ့ အရပ်သား ၁၄၀ ကျော် ရှိတယ်လို့ တပ်မတော်က ပြောဆိုချက်ကို AA က ငြင်းဆိုလိုက်ပြီး ၁၂ ဦးသာ သူတို့ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ တပ်မတော်ဘက်ကနေ ဖမ်းမိထားတဲ့ သုံ့ပန်း လေးဦး၊ ဆုထူးစံကုမ္ပဏီ ဝန်ထမ်း ရှစ်ဦး ပါဝင်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ ဆုထူးစံကုမ္ပဏီ ဝန်ထမ်း ရှစ်ဦးကို မကြာခင် ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

"လွှတ်ပေးဖို့အတွက်တော့ အစီအစဉ်ရှိတယ်။ မတ်လထဲမှာ သုံ့ပန်းအဖြစ် စစ်မြေပြင်က ဖမ်းမိတဲ့ စစ်အင်ဂျင်နီယာအရာရှိ အပါအဝင် လေးယောက်ကိုတော့ ဆက်ထိန်းသိမ်းထားမယ်။ စစ်ဘက်နဲ့ ပတ်သက်တဲ့လူတွေမို့လို့။ ဆုထူးစံက ရှစ်ယောက်ကိုတော့ လွှတ်ပေးဖို့ မေလကုန်ကတည်းက အစီအစဉ်ရှိတယ်။ လုံခြုံရေးအခြေအနေအရပေါ့နော်။ ဇွန်လနဲ့ ဇူလိုင်လထဲမှာ စစ်တပ်ဘက်က ထိုးစစ်တွေ လုပ်လာလို့ တိုက်ပွဲတွေက ပိုပြီး အရင်ထက်ပြင်းထန်လာတယ်။ အဲဒါကြောင့်မို့ ရပ်မိရပ်ဖတွေကလည်း ဒီလူတွေကို လာခေါ်ဖို့ ကြောက်တယ်၊ ၁၇(၁)နဲ့ မိမှာစိုးလို့၊ စစ်မြေပြင်ကနေ လွှတ်ပေးလိုက်ရင်လည်း လမ်းခရီးမှာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့က အပြစ်မကင်းဘူး။ အဲဒါကြောင့် သူတို့ကို လွှတ်ပေးရေးကိစ္စ ကြန့်ကြာနေတာ။ အခြေအနေကောင်းရင်တော့ မြေပြင်တပ်မှူးတွေက အမြန်ဆုံးလွှတ်ပေးဖို့ အစီအစဉ်ရှိတယ်"

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခူမီး တိုင်းရင်းသား ၅၂ ယောက်ကို AA က မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ကြေညာထားပါတယ်။

အဲဒီ ၅၂ ယောက်ကို AA က ဖမ်းဆီးထားတာမဟုတ်ဘဲ ကူညီကယ်တင်ပေးထားတာလို့ ခိုင်သုခက ပြောပါတယ်။ ဒါပေမဲ့ စတင်ခေါ်သွားစဉ်က ပါသွားပြီးနောက် စခန်းကနေ ပြန်ထွက်ပြေးလာသူ နှစ်ဦးရဲ့ပြောပြချက်အရ သူတို့ဟာ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထိစပ်တဲ့နေရာမှာရှိတဲ့ AA ရဲ့တပ်စခန်းတွေမှာ နေထိုင်ရပြီး အစာရေစာလုံလောက်မှု မရှိစွာနဲ့နေရတယ်လို့ ဆိုပါတယ်။

ချင်းလူမှုအဖွဲ့အစည်းတွေကလည်း ဖမ်းဆီးခံရတဲ့ ခူမီးတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ဆိုပြီး အဲဒီအချိန်က တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း နှစ်ဘက်ပစ်ခတ်နေတဲ့ အစိုးရနဲ့ တပ်မတော်တို့အကြား အပြန်အလှန် သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ ရာနဲ့ချီ ရှိနေပြီလို့ ဒေသခံတွေ၊ ရှေ့နေတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။

တပ်မတော်ဘက်က AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ စတဲ့ ဥပဒေပုဒ်မတွေနဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"တိုက်ပွဲအတွင်းဖမ်းမိတဲ့လူတွေလည်း မဟုတ်ဘူး။ ရွာသားတွေကိုပဲ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တယ်၊ အကြမ်းဖက်မှုနဲ့ သံသယဖြစ်တယ်၊ ဖောက်ခွဲမှုနဲ့ သံသယဖြစ်တယ်ဆိုတာမျိုးတွေနဲ့ ဖမ်းဆီးခံရတယ်။ တရားစွဲခံရတယ်။ အမှုဖွင့်ခံရတယ်။ လတ်တလောဖမ်းဆီးခံရရင်တောင် တရားစွဲခံရတာမျိုးမဟုတ်ဘဲနဲ့ ပုဒ်မ တစ်ခုပြီးတစ်ခုတပ်ပြီး အချိန်အကြာကြီး ချုပ်နှောင်ထားတယ်။ မြောက်ဦးမှာ တရားစွဲပြီးရင်တောင် လုံခြုံမှုမရှိလို့ဆိုပြီး ရုံးပြောင်းတွေ လျှောက်တယ်၊ ရုံးပြောင်းတဲ့အမှုက ပြောင်းခွင့်မရသေးတဲ့ အတွက်ဆိုပြီး ဖမ်းဆီးခံရပြီးလို့ လအတော်အတန်ကြာတဲ့အထိကို အမှုစစ်ဆေးတဲ့အဆင့် မရောက်နိုင်ဘဲ ဒုက္ခတွေကြုံရတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်မရဘူး။ အဲဒါမျိုးတွေ ရှိနေတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတောအတွင်း အပြန်အလှန် သံသယတွေနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူနေတာတွေကြောင့် အပြစ်မဲ့သူတွေ ထိခိုက်နစ်နာမှာ မဖြစ်စေလိုကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဦးယုလွင်အောင် က ပြောပါတယ်။

"ဟိုဘက်ဒီဘက် ဘက်သားတွေ ဖော်ထုတ်တဲ့နေရာမှာ အပြစ်မဲ့တဲ့သူတွေ ပါသွားမယ်ဆိုရင် စိတ်မကောင်းစရာပါ။ ဒါမျိုးတွေမဖြစ်အောင် နှစ်ဘက်သော အဖွဲ့အစည်းတွေက သတိထားဆောင်ရွက်ဖို့ ကျွန်တော်တို့ အရင်ကလည်း မေတ္တာရပ်ခံတဲ့စာတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးသမား တစ်ယောက်အနေနဲ့ ပြောရရင် ဒါမျိုးတွေက လူ့အခွင့်အရေးကို အထူးထိခိုက်နေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက်ကြောင့် အတတ်နိုင်ဆုံးတော့ ဂရုစိုက်ပြီးတော့ သက်သက်ညှာညှာ ပြုမူဆက်ဆံပေးကြဖို့ ဆန္ဒရှိတာပေါ့။ နှစ်ဘက်ဆောင်ရွက်ချက်တွေက ပြည်သူလူထုမျက်နှာကို ကြည့်ဖို့လိုမယ်ပေါ့ဗျာ"

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် လက်နက်ကျည် ကျရောက်ပေါက်ကွဲလို့၊ သေနတ်ပစ်ခတ်ခံရလို့ စတဲ့ အခြေအနေတွေကြောင့် နေ့စဉ်ဆိုသလို ဆေးရုံတွေကို ရောက်ရှိနေတဲ့ ဒေသခံတွေ၊ အမှုဖွင့်ဖမ်းဆီးခံရသူတွေ၊ သေဆုံးသူတွေ ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က အခုလို ပြောပါတယ်။

"အကြောင်းတစ်ခုခုကြောင့် ပြည်သူသည် မသိလို့သော်လည်းကောင်း ပြည်သူက ဆောင်ရွက်မိတယ်ဆိုရင် ပစ်သတ်လိုက်တာ အဖြေမဟုတ်ပါဘူးရှင့်။ ခေါ်ပြီးမေးမြန်းစစ်ဆေးရမှာပါ။ ဒီလိုမျိုးအဆင့်တွေကို လုပ်ရမှာပါ။ ပစ်လိုက်ရင်လည်း တကယ့်ကို သေမယ့်နေရာကိုပေါ့နော်။ ဒါတွေကြောင့် ကျမတို့ အင်မတန် စိုးရိမ်မကင်းဖြစ်တယ်။ အပြစ်မဲ့ပြည်သူတွေ ဒုက္ခသည်စခန်းတွေ ရောက်နေတယ်၊ နေ့စေ့ ကိုယ်ဝန်သည်တွေ၊ ကလေးငယ်တွေ၊ လူငယ်တွေအပေါ်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်စုံတရာရှိနေပြီ။ ရခိုင်ပြည်က ထိခိုက်နေပြီ"

ရခိုင်ပြည်မြောက်ပိုင်း နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး၊ မြို့နယ် ငါးခုမှာလည်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေက လက်ရှိ ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ AA ၊ တပ်မတော်နဲ့ အစိုးရအကြား တေ့ွဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုနေပေမယ့်လည်း ဒါဟာ မထိရောက်ဘဲ ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်ရှင်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)