ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားလေးဦးကို AA ဖမ်းဆီး

RFA Burmese
2025.02.11
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားလေးဦးကို AA ဖမ်းဆီး အာရက္ခတပ်တော် (AA) မှ မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ တချို့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် နတ်မြစ်ထဲမှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား လေးဦးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက အာရက္ခတပ်တော် (AA)က ဖမ်းဆီးသွားတယ်လို့ Dhakha Tribue သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၆ နှစ်ကနေ ၃ဝ ကြား တက္ကနပ်ဒေသခံ ငါးဖမ်းသမားလေးဦးကို သူတို့ရဲ့လှေတွေနဲ့အတူ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်း တက္ကနပ်ခရိုင်ရပ်ရွာလူကြီးတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ဒီဖြစ်ရပ်ကို ဒေသအာဏာပိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ကို သတင်းပို့တိုင်ကြားထားပြီး တံငါရွာက ဒေသခံတွေလည်း စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်အနေနဲ့လည်း ဒီအကြောင်းဆက်လက်စုံစမ်းစစ်ဆေးနေပြီး ငါးဖမ်းသမားတွေ အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၈ ဦးကို မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး၊ အောက်တိုဘာလ ၉ ရက်မှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေကို မြန်မာကင်းလှည့်ရေယာဉ်တွေက ပစ်ခတ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာလည်း အာရက္ခတပ်တော် (AA)က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၆ ဦးကို နယ်ခြားစောင့်တပ်က ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။