AA ဒုဗိုလ်မှူးကြီး အပါအဝင် ၉ ဦးကို ငွေကြေးခဝါချမှုနဲ့ အမှုဖွင့်စစ်ဆေး


2017.10.25
aa-logo-622.jpg ရခိုင့်တပ်မတော် AA အဖွဲ့ အမှတ်အသား
.

ရခိုင့်တပ်မတော် AA အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် ၉ ဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က တာမွေမြို့နယ်မှာ သေနတ်တွေ၊ ကျည်ဆံတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ စစ်ဝတ်ပစ္စည်းတွေ၊ ဆက်သွယ်ရေးစက်ပစ္စည်းတွေကို AA ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးအောင်မြတ်ကျော် ဆိုသူဆီကနေ ဖမ်းဆီးရမိခဲ့ပြီးနောက် လက်နက်ပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနောက် အမှုနောက်ဆက်တွဲအနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ စိတ်ကြွဆေးပြားတွေ၊ စစ်သုံးသံလိုက်အိမ်မြှောင်တွေ၊ လက်နက်ခဲယမ်းတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုတွေနဲ့ ဆက်စပ်ပြီး ဦးအောင်မြတ်ကျော်အပါအဝင် ၉ ဦးကို မူးယစ်မှုတွေနဲ့လည်း အမှုဖွင့် စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်တွေကနေ တိုက်ခန်းဝယ်ယူတာ၊ ပရိဘောဂတွေ၊ မော်တော်ယာဉ်တွေ၊ စက်လှေတွေ ဝယ်ယူတာ အပြင် ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ၇ ဧက နီးပါးရှိတဲ့ ရာဘာခြံတွေကို ဝယ်ယူပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘဏ်တချို့မှာရှိတဲ့ ငွေလက်ကျန် သိန်း ၄၀၀ ကျော်အပါအဝင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆ ထောင်ကျော်ဟာ မူးယစ်ဆေးဝါးရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေကို အသွင်ပြောင်းလဲဝယ်ယူထားတယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်ခဲ့တဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဆန်းထွန်းက တရားလိုလုပ်ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။