အာဏာသိမ်းခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် စစ်တပ်က ရခိုင်ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးတာတွေ လုပ်နေတာကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ ယုံရခက်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
“တစ်ဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ပေမယ့်လည်းပဲ တစ်ဖက်မှာနေပြီးတော့မှ ဒါသူတို့ရဲ့ မြေပြင်တပ်ဖွဲ့တွေက ကျနော်တို့ရဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့အခါကျတော့ အပြောနဲ့အလုပ်ကတော့ တခြားစီ ဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့လို့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးကိစ္စကတော့ တော်တော်လေး ယုံရခက်တာပေါ့နော်။ ဆက်ပြီးတော့စောင့်ကြည့်ရမယ့် သဘောမျိုးလို့ ပြောလို့ရတယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ရပ်ရွာတွေမှာ စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ တိုးချဲ့လုပ်ဆောင် နေတဲ့အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးကို ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ ၆ ရက်နေ့မှာ တွစ်တာလူမှုကွန်ရက်ကနေ သတိပေးစာ ရေးလိုက်တာနဲ့ပတ်သက်လို့ ဦးခိုင်သုခက သူ့အနေနဲ့ မှတ်ချက်ပေးစရာမရှိပေမယ့် သူပြောတဲ့အတိုင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က"ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်" လို့ ရေးသားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုရေးလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးဆီကပါ တုံ့ပြန်ချက်ကို မသိရသေးပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူ ကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တက်ရောက်မယ့်အဖွဲ့တွေ မေလ ၉ ရက် နောက်ဆုံးထားစာရင်းပေးဖို့ပြောထားပါတယ်။
အဲဒီနောက်ပိုင်း ဒီနေ့ထိ တက်ရောက်မယ်လို့စာရင်းပေးထားတဲ့ အဖွဲ့ ၆ ဖွဲ့လောက်ပဲရှိသေးတယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့တွေကတော့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်ပါတယ်။