ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် က အကြောင်းမဲ့ ပစ်ခတ်တာမဟုတ်ဘဲ မြောက်ဦးမြိုပေါ်က လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ရင်းတစ်ခုကို AA အဖွဲ့က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။
တပ်မတော်က စစ်ကားတွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြောက်ဦးဒေသခံတွေက ပြောကြပေမယ့် တပ်မတော်ကတော့ ဒါကို ငြင်းဆိုပါတယ်။
မနေ့ည ၇ နာရီမထိုးခင်လောက်ကစပြီး မြောက်ဦးမြို့မြောက်ဘက်၊ စေတီတောင်ကျောက်ကပ်နားမှာ သေနတ်နဲ့ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး ဒေသခံ ၇ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။
AA က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရတာဆိုတဲ့ တပ်မတော်ဘက်က ပြောဆိုချက်နဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
AA အပါအဝင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ကတော့ တပ်မတော်ဟာ မြောက်ဦးမြို့နဲ့ ကျေးရွာတွေထဲက ပြည်သူလူထုတွေနဲ့ သမိုင်းအမွေအနှစ် စေတီ ပုထိုးတွေကို တိုက်လေယာဉ်တွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီလိုအပြန်အလှန် စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြောက်ဦးမြို့ မြို့ဦးကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏသာရ က လက်ရှိ မြောက်ဦးမြို့အခြေအနေနဲ့ ပတ်သက်လို့ အခုလိုမိန့်ကြားပါတယ်။
‘’တပ်ကကားတွေ မြို့ထဲကိုဝင်လာတယ် ကားပေါ်ကလှမ်းပစ်သွားတာ၊ လက်နက်ငယ်လက်နက်ကြီး တွေနဲ့ပစ်တယ် မြို့ထဲမှာ AA ဆိုတာတစ်ယောက်မှမရှိဘူး၊ ဦးဇင်းတို့မြို့ထဲက AA က ပစ်တယ်ဆိုတာလည်း တစ်ယောက်မှ ပြောသံမကြားဘူး၊ ညဖက်ဆိုလည်း အပြင်မထွက်ရဲဘူး အခုလည်းမြောက်ဦးမြို့ပေါ်မှာ ရဲရော စစ်သားရော အိမ်တွေကို လိုက်ပြီးစစ်နေတယ်လို့ သတင်းကြားတယ်၊ ညကျရင် ၈ နာရီ ဆိုရင် လူတွေက အကုန်လုံး အိပ်ကုန်ပြီ၊ ဒီနေ့လည် ဦးဇင်းမြို့ထဲကို လျှောက်ကြည့်တဲ့အခါမှာလည်း လူတွေစည်စည်ကားကား သွားလာတာမရှိဘူး၊ ခြောက်ကပ်နေတယ်ပေါ့ ဒကာကြီးရယ်’’
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပန်းမြောင်းရွာက အမျိုးသမီးတစ်ဦး ပေါင်မှာဒဏ်ရာရခဲ့သလို မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာက ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပန်းမြောင်းရွာက ဦးကျော်ဇံက ပြောပါတယ်။
‘’သူတို့တမင်သက်သက်ပစ်တာပဲဖြစ်တယ်၊ မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှာလည်း ကလေးတစ်ယောက် ၁၀ နှစ်အရွယ် သူတို့ပစ်လိုက်တာ လက်မဝက်လောက် ကျည်ဖောက်ဝင်သွားတယ်၊ ပန်းမြောင်းက အမျိုးသမီး ဆိုရင်လည်း ခုထိဆေးရုံရောက်လား မရောက်လား မသိရသေးဘူး၊ အခုရွာတွေကို ဝင်ပြီးတော့ ဘုန်းကြီးကျောင်းတွေ ဝင်ပြီးတော့ သေနတ်တွေမောင်းတင်ပြီး စစ်နေတာတွေရှိပါတယ်’’
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က
‘’ည ၇ နာရီကျော်မှာ မြောက်ဦးမြို့ထဲမှာပဲ တောင်ကုန်းထိပ်တွေကနေ သေနတ်ပစ်တာတို့ လျှောက် ပတ်ပြီးတော့ပစ်တာတို့ ရပ်ကွပ်သူ/သားတွေ ပြောပြချက်အရသိရပါတယ်၊ ဒေသခံတွေပြောပြချက်အရ ညတုန်းက တိုက်ပွဲဖြစ်တာမဟုတ်ဘူးလို့ပြောပါတယ်၊ နယ်မြေရှင်းလင်းရေးလုပ်တာလို့ပြောပါတယ်’’
မြောက်ဦးမြို့လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ရင်းတစ်ခုကို AA အဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ရတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောပါတယ်။
‘’ကျွန်တော်တို့ မနေ့ညတုန်းက ၇ နာရီ ၈ နာရီဝန်းကျင်လောက်မှာ မြောက်ဦးမှာ ကျွန်တော်တို့တပ်ရင်း ဌာနချုပ်ရှိတယ်၊ တပ်ရဲ့ရှေ့မြို့ရိုးပေါ်ကနေ AA က ပစ်တယ် ဘေးပတ်ခြာလည်ကလည်းပစ်တယ် သူတို့ စ ပစ်တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ရပ်ကွက်တွေထဲကနေပစ်တယ် ရွာဟောင်းတော၊ သရက်အုပ်တွေ ကနေပစ်တယ်၊ လမ်းကြိုလမ်းကြားတွေထဲကနေပြီးလည်းပစ်တယ်၊ သူတို့ပြောပြောနေတဲ့ ရှေးဟောင်းပေါ့ ယဉ်ကျေးမှုနယ်မြေကလည်းပစ်တယ်၊ ကျွန်တော်တို့တပ်တွေကနေလည်း ပြန်ပြီးတော့ပစ်ခတ်ရတာဖြစ်တယ်၊ ကျွန်တော်တို့ဆီကနေ တွေ့ရာမြင်ရာပစ်တာမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ပစ်တာ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွ့ဲဝင်တွေက အကြောင်းမဲ့ပစ်တာလုံးဝမရှိဘူး’’
ဒါ့အပြင် AA အဖွဲ့ဟာ ရှေးဟောင်းပုထိုးစေတီတွေနဲ့ လူနေအဆောက်အဦးတွေကို အကာအကွယ်ရယူပြီး ရည်ရွယ်ချက်ရှိရှိ အဖျက်လုပ်ငန်းဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ဒီနေ့ ကြေညာချက်ထုတ်ပါတယ်။
တဆက်တည်းမှာပဲ မြို့၊ ရွာ၊ အစိုးရ အဆောက်အဦးတွေပါမရှောင် အကြမ်းဖက်လုပ်ရပ်တွေကို ဖန်တီးလှုံ့ဆော် အကြမ်းဖက်နေတယ်လို့လည်း AA အဖွဲ့ကို ပြောထားပါတယ်။
တပ်မတော်ဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး AA ရက္ခိုင့်တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး၊
မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးတဝိုက်မှာ ဒီမနက်က ပစ်ခတ်တာတွေ ရှိနေတာကြောင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
‘’ကျောင်းတောင်အုပ်စု မြိုချောင်းကျေးရွာမှာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ကျည်စ မှန်တယ် ဆိုပြီးတော့ မြန်မာ့တပ်မတော်စစ်တပ်က ပတ်တီးတွေ စည်းပေးတာတွေရှိတယ်တဲ့’’
တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ အပြန်အလှန်စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ ပတ်သက်လို့ အရပ်သားတွေ သေကြေထိခိုက်တာတွေနဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်မိကြောင်း ထုတ်ပြန်ပါတယ်။
ဒီပဋိပက္ခတွေအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ မတူညီမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အဦးတွေကို စောင့်ရှောက်ထိန်းသိမ်းဖို့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာအော့စ်ဘီက တိုက်တွန်းထားပါတယ်။
ဒ့ါအပြင် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ စစ်ပွဲဒဏ်ခံစားနေရသူတွေအားလုံး ထိရောက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရယူနိုင်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
အခုဆိုရင် တပြည်နယ်လုံးမှာ နေရပ်စွန့်ခွာနေရသူ ဒုက္ခသည် နှစ်သောင်းခန့်ရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။