ခွဲထွက်ခြင်း၊ မထွက်ခြင်းဟာ ဒေသဆိုင်ရာ တိုင်းရင်းသားပြည်သူတွေအပေါ် မူတည်တယ်လို့ AA ပြော

2022.05.20
ခွဲထွက်ခြင်း၊ မထွက်ခြင်းဟာ ဒေသဆိုင်ရာ တိုင်းရင်းသားပြည်သူတွေအပေါ် မူတည်တယ်လို့ AA ပြော ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်
Photo: RFA

အနာဂတ်ပြည်ထောင်စုနိုင်ငံကို ပြန်လည်တည်ထောင်တဲ့နေရာမှာ ပါဝင်တာ၊ မပါဝင်တာ ဟာ သက်ဆိုင်ရာ ဒေသတွေက တိုင်းရင်းသားပြည်သူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ ခွဲမထွက်ရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောတာဟာ စိတ်ထင်ရာ ပြီးစလွယ် ပြောတာသာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောလိုက်ပါတယ်။

မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲအပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းရင်းသား တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမှာမှန်ပေမယ့် ပြည်ထောင်စုကနေ ခွဲမထွက်ရဘူးဆိုတာကိုတော့ လက်မှတ်ထိုးပေးရမယ်လို့ သတင်းမီဒီယာတစ်ခုကို ပြောခဲ့ တဲ့အပေါ် ဦးခိုင်သုခက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

“အနာဂတ်မှာ ပြည်ထောင်စုတစ်ခု တည်ဆောက်ရင်ရော အဖွဲ့ဝင်ယူနစ်တစ်ခုအနေနဲ့ ပါဝင်ကြမလား၊ မပါဝင်ကြတော့ဘူးလားဆိုတာကတော့ သက်ဆိုင်ရာတိုင်းပြည်ဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူလူထုတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်တယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသလို ခွဲမထွက်ဘူးဆိုတာကို လက်မှတ်ထိုးပေးရမယ်ဆိုတဲ့ စိတ်ထင် ရာ ပြီးစလွယ်ပြောဆိုမှုတွေကတော့ ယုံကြည်လက်ခံနိုင်စရာမရှိတဲ့ ကိစ္စဖြစ်တယ်လို့ပဲ ကျနော်ကတော့ ပြောလိုပါတယ်ဗျ”

ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ပင်လုံစာချုပ်ဟာ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းကတည်း က ပျက်ပြယ်သွားပြီလို့လည်း သူက ပြောပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ ပြည်ထောင်စုဆိုတဲ့ စကားကို အသုံးချပြီးတော့ တိုင်းရင်းသားနယ်မြေဒေသတွေက သယံ ဇာတတွေကို ဓားပြတိုက်လုယူခဲ့တာ အခုအချိန်အထိပဲလို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်တဲ့ မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ရေးအရ ရခိုင်ပြည်နယ်ကို မတိုက်ခိုက်တာဟာ ရခိုင်ပြည်သူတွေကို ငဲ့ညှာလို့ဖြစ်ကြောင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ စစ်တပ်ရဲ့ အဆိုးမဆိုနဲ့လို့ ရာဇသံပေးခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေပြန်လည်ဖြစ်လာနိုင်မယ့် အခြေအနေဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့ ရက္ခိုင့် တပ်တော် (AA) က မေလ ၁၅ ရက်နေ့က သတိပေး ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။