ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တာကြောင့် ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ဒီနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ် ရှိကြောင်း ဒီနေ့မနက်က RFA ကိုပြောဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေထက် ပြည်သူတွေ အဓိက ထိုးနှံခွင့် ရနိုင်ရေး အတွက် စဉ်းစားထားတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်ကပဲရရ အခွင့်အရေးရရင် လက်မလွှတ်ဘဲ ထိုးနှံကြဖို့ တိုက်တွန်းနေတာလို့လည်း ဦးခိုင်သုခကဆိုပါတယ်။
အခုလောလောဆယ်မှာ ရခိုင်ပြည်နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး အမျိုးအစား နှစ်သိန်းနှစ်သောင်းကျော် ထပ်မံရရှိထားပြီး အဲဒီဆေးတွေကို အေအေတပ်ဖွဲ့ဝင်တွေ၊ မသန်စွမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတဝန်ထမ်းတွေ စတဲ့ အုပ်စု ၁၆ စုကို ထိုးပေးသွားမှာ ဖြစ်တယ်လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ဒီနေ့မနက်က ပြောဆိုထားပါတယ်။။
ဒါပေမဲ့ ကာကွယ်ဆေးထိုးမယ့်နေ့နဲ့ အရေအတွက် စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။
ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်မှာ စက်တင်ဘာလ ၂၀ ရက် မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅၃ ဦးအထိရှိနေပြီး ပိုးကူးစက် ခံရသူပေါင်းကတော့ ၄၇၀၇ ဦးအထိ ရှိနေပါတယ်။