ရခိုင်ရိုးမပေါ်က ပုဂံကွဲစခန်းကို AA သိမ်းပိုက်
2025.02.16

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်း-တောင်ကုတ်လမ်း ပုဂံကွဲရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။
အဲဒီတပ်စခန်းဟာ ပန်းတောင်း-တောင်ကုတ်လမ်းက AA သိမ်းပိုက်ထားတဲ့ မိုးထိတောင်တပ်စခန်းနဲ့ စစ်ကောင်စီတပ် လက်နက်ကြီးတွေ အထိုင်ချပြီး ခံစစ်အခိုင်အမာပြင်ထားတဲ့ ညောင်ကျိုးရွာကြားမှာ တည်ရှိတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဘက်အခြမ်းမှာရှိနေတဲ့ ရှေ့တန်းစခန်းဖြစ်ပြီး စစ်ကောင်စီက အင်အား ဘယ်လောက်နဲ့ အထိုင်ချထားတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
စစ်ကောင်စီတပ်က မိုးထိတောင်စခန်းကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းနဲ့ ပို့ဆောင်တိုက်ခိုက်နေချိန်မှာပဲ AA ရဲ့ထိုးစစ်က ညောင်ကျိုးအထိုင်စခန်းနဲ့ နီးကပ်လာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက စစ်သား (စစ်ကောင်စီတပ်သား) တွေ အင်းအားအများအပြားနဲ့ တက်သွားလိုက်ပြီးရင် ပြန်ဆင်းလာလိုက်ပေါ့နော်၊ အဲဒီလို ဖြစ်နေတာ။ မိုးထိဘက်ကလာရင် ပဲခူးတိုင်းထဲက လေးအိမ်စု၊ ကုလားလက်တို အဲဒီနေရာတွေ အကုန်ပါသွားပြီ။ အခု ပုဂံကွဲအထိ ရောက်လာတာပေါ့။ ပုဂံကွဲနားက စခန်းတွေ သိမ်းခံရတာပေါ့။ ညောင်ကျိုးနဲ့ နီးနေပြီ။ အခုလည်း စစ်သားတွေ ပြန်တက်သွားပြန်ပြီ။ ဒါပေမဲ့ စစ်သားတွေလည်း တိုက်လိုခိုက်လိုစိတ်က မတွေ့ရဘူး။ လေယာဥ်နဲ့ ပစ်တာလောက်ပဲ စစ်တပ်က အားသာနေတာ”
ပန်းတောင်း-တောင်ကုတ်ကားလမ်းက ညောင်ကျိုးရွာဟာ အရင်ကတည်းက စစ်ကောင်စီရဲ့ ဌာနပေါင်းစုံ စုပေါင်းစစ်ဆေးရေးဂိတ် ရှိတဲ့နေရာဖြစ်ပြီး ပထဝီအနေအထားကြောင့် စစ်ရေးအရ အရေးပါတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ရာ နေရာတွေကို စစ်ကောင်စီတပ်က ရခိုင်ရိုးမတောင်ခြေဖြစ်တဲ့ ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာအနီး အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ကနေ အင်အားတွေ စေလွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ညောင်ကျိုးနဲ့ ဥသျှစ်ပင်မြို့ကြားမှာလည်း ခံစစ်စခန်းတွေ အဆင့်ဆင့်ပြင်ဆင်ထားသလို ဥသျှစ်ပင်မြို့မှာပါ လုံခြုံရေး တင်းကျပ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်က AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေဟာလည်း ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ မြောက်စမ်းရွာက အမှတ်-၃၄၄ အမြောက်တပ်နဲ့ ငါးမိုင်အကွာအထိ တိုက်ပွဲတွေ နီးကပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်း ကမြင်းကန် (ကံမြင့်ကန်) စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ နည်းဗျူဟာ (၉၉၂) ရဲ့ ယာယီ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။