မောင်တောက စစ်ကောင်စီ ပဲရမ်းတောင်စခန်းကို AA သိမ်းယူ
2024.02.19

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရမ်းတောင်က စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူနိုင်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီစခန်းကနေ စစ်ကောင်စီတပ်သားရုပ်အလောင်း ဆယ်လောင်းကျော် အပါအဝင် လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
မနက် ၇ နာရီ ဝန်းကျင်ကနေ ညနေ ၄ နာရီခွဲအထိ ၉ နာရီကျော်ကြာတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့အနီးက ဗောဓိကုန်းနဲ့ နရူလာ စစ်ကောင်စီတပ် နယ်ခြားစောင့်စခန်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းယူထားပါတယ်။
လက်ရှိမှာတော့ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရမ်းဗြဲမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။